Home
မေးမြန်းခန်း
“၂၀၂၄ ရဲ့ ရေကြီးကာလက မပြီးသေးဘူး၊ ဆက်ပြီးတော့ စိုးရိမ်စရာရှိနေသေးတယ်”- မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်
DVB
·
July 26, 2024

၂၀၂၄-၂၅ ခုနှစ်ရဲ့ အယ်နီညို-လာနီညာဖြစ်စဉ်တွေက ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ်တွေရဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကိန်းဂဏန်းတွေက ထပ်တူနီးပါး တူညီနေပြီး လာမယ့် နှစ်ကုန်ပိုင်းမှာလည်း အေးမြစိုစွတ်တဲ့ အစွန်းရောက်ရာသီဥတု (လာနီညာ) ဖြစ်စဉ်ဖြစ်နိုင်ချေက ၇၉ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့တွေကလည်း ခန့်မှန်းထုတ်ပြန်နေကြပါတယ်။ 

အယ်နီညို-လာနီညာသက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ မိုးများပြီး မြစ်ရေတက်တာကြောင့် မြို့နဲ့ ကျေးရွာ၊ ရပ်ကွက်တွေရဲ့ ရေကြီးရေလျှံမှုတွေကလည်း နေရာအနှံ့မှာ ကြုံနေရပါတယ်။ သတိထားရမယ့်အခြေအနေတွေနဲ့ အသေးစိတ်ရှင်းလင်း ပြောပြချက်တွေကို သိရဖို့ မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်ကို DVB က အခုလို မေးမြန်းထားပါတယ်၊

မေး။ ။ ဒီနှစ်မိုးရာသီက ကာလအားဖြင့်ရှည်ကြာပြီး မိုးများနိုင်မယ့်အခြေအနေရှိတယ်လို့ ခန့်မှန်းသုံးသပ်ထားတာဆိုတော့ ဘာကြောင့်လဲဆိုတဲ့ အခြေအနေကိုရှင်းပြပေးပါဆရာ။

ဖြေ။ ။ “အယ်နီညို လာနီညာဖြစ်စဉ်နဲ့အတူ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်လာတဲ့ မုန်တိုင်းရဲ့ အရှိန်တွေနဲ့ ဆက်ပြီး မိုးတွေ များတယ်။ မိုးများပြီးတော့ ၂၀၁၅ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ရေကြီးမှု ဖြစ်စဉ်သည် ဇူလိုင်အကုန် ဩဂုတ်ကနေစပြီးတော့ ဟိုးဒီဇင်ဘာအထိ ရောက်သွားတယ်။ ဒီရေကြီးမှုဖြစ်စဉ်သည် ကာလတွေခွဲပြီး ပထမရေကြီးကာလ ရေနည်းနည်း ပြန်ကျလိုက်၊ ဒုတိယရေကြီးကာလ ရေပြန်တက်လာလိုက်နဲ့ နောက်ရေပြန်ကျပြီး တတိယရေကြီးကာလာဆိုပြီး အောက်တိုဘာ နိုဝင်ဘာအထိကို ဆက်ပြီးသွားတယ်။ နှိုင်းယှဉ်ပြီး ကြည့်တဲ့အခါကျတော့ ဒီ ၂၀၁၅-၁၆ အယ်နီညို-လာနီညာဖြစ်လာတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်သည် ဒီ ၂၀၂၄-၂၅ မှာလည်း အဲဒီအတိုင်းပဲ ပြန်ပြီး ဖြစ်လာနိုင်တယ်လို့ ကျနော်ကတော့ အဲဒီလိုခန့်မှန်းပါတယ်။ လာနီညာဘယ်ချိန်ဖြစ်လာနိုင်မလဲ၊ ဘယ်လောက်အားကောင်းလာမလဲ၊ ဘင်္ဂလားပင်လယ်အော်မှာ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ဆိုင်ကလုန်းမုန်တိုင်း ကိုမန်လိုဟာမျိုး ဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရမယ်။ ဆို‌တော့ ရေကြီးကာလသည် အခုပထမရေကြီးကာလမှာ ရေပြန်ကျတဲ့နေရာတွေကျတယ်၊ မကျသေးတဲ့ နေရာလည်း ရှိတယ်၊ ဒါကိုလည်း စောင့်ကြည့်ရမယ်။ လုံးလုံးလျားလျားဆင်းတာတော့မဟုတ်ဘူး မြစ်ထဲမှာ ရေတွေက တောင့်နေဦးမယ် ရှိနေဦးမယ်၊ မြစ်ရေတွေမြင့်တက်နေဦးမယ်။ အဲဒီတော့ ဒုတိယရေကြီးကာလအနေနဲ့ ဩဂုတ်၊ စက်တင်ဘာ အဲဒီလောက်မှာ မိုးတခေါက်ပြန်များလာရင် ဒါမှမဟုတ် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတခုခုကြောင့် မိုးပိုလာရင် ကျနော်တို့က ဒုတိယရေကြီးကာလကို ဆက်လာနိုင်တယ်။ ၂၀၂၄ ရဲ့ ရေကြီးကာလက မပြီးသေးဘူး၊ ရေကြီးမှုဖြစ်စဉ်က ဆက်ပြီးတော့ စိုးရိမ်စရာရှိနေသေးတယ်၊ ဆက်တော့ စောင့်ကြည့်ရမယ်။”

မေး။ ။ လက်ရှိ မြန်မာနိုင်ငံအထက်ပိုင်းကနေ အောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကရော ဘယ်ချိန်လောက်ပြီးနိုင်မလဲ ဘာကြောင့်ပါလဲဆရာ။

ဖြေ။ ။ “ဒီဇူလိုင်လထဲမှာ အလယ်ပိုင်းဒေသတွေမှာ မိုးလျော့ပြီးရွာမယ်ဆိုတာ မိုးလေဝသ ကြိုတင်ခန့်မှန်းတွေမှာ ကျနော်တို့ တွေ့နေရတယ်၊ အဲတာမှန်တယ်။ အခုအလယ်ပိုင်း ဒေသတွေမှာ မိုးခေါင်နေတယ်၊ အောက်ပိုင်းတွေနဲ့ တောင်ပိုင်း၊ မြန်မာပြည်ကမ်းရိုးတန်း ဒေသတွေမှာ မိုးများတယ်။ အဲဒီကနေဆက်ပြီး ဩဂုတ်လထဲမှာ အလယ်ပိုင်းဒေသတွေမှာ မိုးပြန်ကောင်းလာမယ်၊ တောင်ပိုင်းဒေသတွေမှာ မိုးအားနည်းနည်းလျော့သွားနိုင်မယ် သို့သော် ဆက်စောင့်ကြည့်ရမယ်။ နောက် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလအထိကို မြန်မာပြည်ထဲမှာ ပုံမှန်ရွာသွန်းမြဲအထက် ရွာနေနိုင်ဦးမယ်ဆိုတာကို ရက်ဝေးကြိုတင်ခန့်မှန်း ချက်တွေမှာလည်း တွေ့ပါတယ်။ ဒီအခြေအနေတွေအရ ဒုတိယနဲ့ တတိယရေကြီးကာလတွေ ဖြစ်လာနိုင်တယ်။ အဲဒီကာလတွေကို သတိထားပြီး စောင့်ကြည့်ရမယ်၊ ကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရမယ်။ အခု ရေကျသွားတဲ့ဒေသတွေမှာ အားနည်းတဲ့ တမံတွေ၊ အားပျော့တဲ့ ရေကာတာတွေကို ပြုပြင်တာတွေလုပ်ပြီး စောင့်ကြည့်ရမယ်။ ဒါက ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကနေ ဖြစ်လာတဲ့ ရေကြီးနေတဲ့ဒေသတွေပေါ့။ တဖက်မှာလည်း ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ဘက်အခြမ်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်က သံလွင်၊ ဂျိုင်းမြစ် အဲဒီဘက်တွေမှာလည်း လောလောဆယ်မှာ ရေက Danger level အထိ ရောက်နေတာကို တွေ့တယ်။ ဆိုတော့ ပဲခူးမြစ်ဆိုရင် စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်ကို ဆက်ထားတဲ့ စစ်တောင်း၊ ပဲခူးတူးမြောင်းမှာ ရေများနေတယ်။ ဒါ့ကြောင့် တာဝရဲ့ အောက်ဘက်မှာ ပဲခူးစစ်တောင်းတူးမြောင်းက ဆုံတယ်၊ အဲဒီနေရာမှာလည်း ရေမြင့်တက်နေတာ တွေ့တယ်။ အဲဒီမှာရေတက်ရင် ဇောင်းတူဘက်က ဆင်းလာတဲ့ ပဲခူးမြစ်ရဲ့ အထက်ဖျားပိုင်းက ရေဆင်းတာ နှေးသွားနိုင်တယ်။ အဲဒီလိုနှေးရင် ပဲခူးမြို့မှာ ရေကြီးတဲ့ ဖြစ်စဉ်လည်း ဖြစ်လာနိုင်တယ်၊ ဖြစ်လာနိုင်တာတွေလည်း အများကြီးပဲ ကျနော်တို့ စောင့်ကြည့်ရမှာတော့ရှိတယ်။”

မေး။ ။ လက်ရှိမှာဆိုရင် ဧရာတီမြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ဧရာဝတီတိုင်းတခုလုံးလိုလိုမှာ မြစ်ရေတက်ပြီး ရေကြီးရေလျှံနေတာဆိုတော့ နောက်ပိုင်းမှာ ပဲခူးနဲ့ ရန်ကုန်လို နေရာတွေရော စိုးရိမ်ရပါသလားရှင်။

ဖြေ။ ။ “ပြီးခဲ့တဲ့ ၂၂ ရက်လောက်ကတော့ ပင်လယ်ဒီရေ ရေထရက်ပေါ့။ ရေထရက်ဖြစ်တဲ့အတွက် ပင်လယ်ထဲစီးမယ့် ရေစီးနှုန်းနှေးသွားတယ်၊ ရေစီးနှုန်းနှေးတော့ ရေကျတဲ့နှုန်းလည်း နှေးသွားတယ်။ ရေတက်နေတဲ့နေရာတွေရဲ့ ရေကျနှုန်းကလည်း နှေးသွားတယ်ပေါ့။ အခုရေထရက်ကိုတော့ ကျော်ပြီ ပင်လယ်ထဲကိုတော့ ရေစီးနှုန်းက ကောင်းကောင်း စီးနိုင်နေပြီ။ သို့သော် မြစ်ဝကျွန်းပေါ်ဒေသမှာ ရှိတဲ့ မြစ်တွေချောင်းတွေက နုန်းတင်းမြေနုတွေနဲ့ သောင်တင်တွေနဲ့ ရေစီးနှုန်းက နဂိုကတည်းကိုက နှေးဖို့ ဖန်တီးထားသလို ဖြစ်နေတာ။ ဆိုတော့ ဒီရေဆင်းနှုန်းသည် ဆက်ပြီးတော့ သွားနေမယ် သို့သော် နှေးနေမယ်၊ ဒုတိယရေကြီးကာလ မဆက်သေးဘူးဆိုရင်တော့ ရေပြန်ကျသွားနိုင်တယ်။ ဒုတိယရေကြီးကာလနဲ့ ဆက်လာမယ်ဆိုရင်တော့ ရေပြန်တက်လာနိုင်တယ်။ အချုပ်ပြောရရင် ရေကျတဲ့ အနေအထားသည် နှေးနေဦးမယ်၊ အနိမ့်ပိုင်းဒေသက လူတွေအနေနဲ့ကတော့ ဆက်ပြီး သတိထား ရဦးမယ်။ ကယ်ဆယ်ရေးတွေ အစားသောက်ဝေငှတာတွေလည်း တတ်နိုင်သလောက် လုပ်ကြရမယ် လုပ်လည်းလုပ်နေကြတယ်။ ဧရာဝတီတိုင်းမှာဆို မြောက်ဖျား ဟင်္သာတ အနောက်ဘက်က အင်္ဂပူတို့ ဒေသတွေမှာပါ အကုန်လုံး ရေပြင်ဖြစ်နေတာပေါ့။ ရွာတွေလည်း ရေမြုပ်နေတယ်။ နောက်တခုက ပန်းလှိုင်မြစ်အဖျားပိုင်း ထန်းတပင်မြို့နယ်ထဲက တော်လတီလှည်းဆိပ်မှာ ပန်းလှိုင်မြစ်က နှစ်ခြမ်းကွဲထွက်သွားပြီးတော့ အောက်ဘက်မှာပြန်ဆုံတာ အဲဒီနေရာနှစ်ခြမ်း ကွဲထွက်နေတဲ့ နေရာကိုခေါ်တာ ဘောလယ်ကျွန်းပေါ့။ အဲဒီနေရာတွေကလည်း ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက အောက်တိုဘာအထိကို ရေကြီးလို့ကောင်းတုန်း၊ ကယ်ဆယ်ရေးတွေသွားလို့ ကောင်းတုန်းပေါ့။ အခုအဲဒီဘက်က မြေပြင်အခြေအနေတွေကို ကျနော်တို့က မသိဘူး၊ ဟင်္သာတ ဇလွန်အခြေအနေပဲ သိတယ်။ ဒီဘက်က ဘောလယ်ကျွန်းဘက်က အခြေအနေကိုမသိဘူး။ လှိုင်မြစ်က ဆက်ပြီး ဆင်းလာဦးမယ်ဆို ရန်ကုန်မြစ်ထဲလည်း ရေထိုးလာတယ် ပဲခူးမြစ်ကလည်း ရေဆင်းမယ်။ ဒါဆို ရန်ကုန်ဆိပ်ကမ်းနဲ့ နီးတဲ့သူတွေ ပုဇွန်တောင်ချောင်းဘေးနေတဲ့သူတွေ အနိမ့်ပိုင်းနေရာကသူတွေ သတိထားရမယ့်အခြေအနေက ဆက်ပြီး ဖြစ်နေဦးမယ်။”

မေး။ ။ တခြား ဖြည့်စွက်အသိပေးပြောချင်တာရှိရင် ပြောပေးပါဆရာ။

ဖြေ။ ။ “နိုဝင်ဘာကနေ ဇန်နဝါရီလအတွင်း မိုးရာသီနဲ့ပြောရင် မိုးနှောင်းကာလပေါ့၊ မိုးနှောင်းကာလမှာ လာနီညာဖြစ်လာမယ်ဆိုရင် လာနီညာသည် အားအသင့်သင့် ဖြစ်ရင်ဖြစ် မဟုတ်ရင် အားကောင်းမယ်ဆို လာနီညာဆိုတာ အေးမြစိုစွတ်တဲ့ အစွန်းရောက်ရာသီဥတုပေါ့နော်။ အဲဒီတော့ မိုးနှောင်းကာလမှာ မိုးတွေ ပိုများလာနိုင်တယ်။ ပြီးတော့ ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းတွေကို စောင့်ကြည့်ရမယ်၊ နေ့စဉ်မိုးလေဝသ အခြေအနေသတင်းတွေကိုလည်း နေ့စဉ်မပြတ်ဖတ်နေရမယ်။ ရေကြီးတတ်တဲ့ မြေနှိမ့်ပိုင်းကလူတွေလည်း မပြီးသေးဘူးပေါ့နော်။ ၂၀၂၄ ရဲ့ ရေကြီးတဲ့ကာလက မပြီးသေးတဲ့အတွက် အမြဲသတိရှိနေကြဖို့ လိုပါမယ်။”

ဖြေကြားပေးတဲ့အတွက် ကျေး‌ဇူးတင်ပါတယ်ရှင်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024