Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကို ဆိုင်ကလုန်းမုန်တိုင်း ထပ်ဝင်နိုင်ဟု မိုးလေဝသပညာရှင် ခန့်မှန်း
DVB
·
June 1, 2023
cyclone

ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာကနေ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး   ပိုမိုအားကောင်းလာကာ လာမယ့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း ထပ်ဝင်နိုင်ခြေ ရှိတယ်လို့ မိုးလေဝသပညာရှင်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

မိုးလေဝသဆိုင်ရာသုတေသီ ဦးဝင်းနိုင်က ဇွန်လ ၆ ရက် မနက်ပိုင်းမှာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ စောင့်ကြည့်ရမယ့် လေပွေလှိုင်း တစ်ခုစတင် ဖြစ်ပေါ်နိုင်ကြောင်း၊  ဇွန်လ ၇ ရက်မှာ သိသာတဲ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ် အဆင့်ဆင့် အားကောင်းလာနိုင်ပြီး မြောက်-အနောက်မြောက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၇ ရက် ည ၁၁ နာရီလောက်မှာ ဂွမြို့အနောက်ဘက် မိုင် ၁၄၀ ကွာဝေးတဲ့ ဘင်္ဂလားပင်ဘယ်အော် အရှေ့အလယ်ပိုင်းပင်လယ်ရေပြင်မှာ ဗဟိုဖိအား ၉၉၃ ဟက်တိုပါစကယ်(993hPa)အထိ ကျလာပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ ၆၆ မိုင်အထိ ရှိလာနိုင်ကြောင်း၊ ဇွန်လ ၈ ရက်မနက်မှာ မုန်တိုင်းဟာ သံတွဲအနောက်ဘက် ၁၇၅ မိုင် အထိရောက်လာပြီး လေတိုက်နှုန်းကလည်း တစ်နာရီ ၉၅ မိုင်နှုန်းအထိတက်လာတာကြောင့် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်(SCS)ကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဇွန်လ ၉ ရက် မနက် ၆ နာရီမှာ စစ်တွေမြို့အနောက်ဘက် ၇၇ မိုင်ခန့်အကွာက ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းကို ဝင်ရောက်လာကြောင်း၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ အထိ ရောက်လာတာကြောင့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(VSCS) - CAT-3 အဆင့်ရောက်လုနီးပါးဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

ဇွန်လ ၉ ရက် ညနေပိုင်းက စပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၁၈ မိုင်နှုန်း(အားအလွန်ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အဆင့်)နဲ့ စစ်တွေမြို့မြောက်ဘက် မိုင် ၆၀ ခန့်အကွာ၊ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားပါတယ်။

မုန်တိုင်းအားပိုကောင်းလာလေ မုန်တိုင်းလေတိုက်နှုန်းပိုမိုမြင့်မားပြီး အရွယ်အစားကြီးမားလာလေ ဖြစ်နိုင်တာကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှု မြင့်မားလာနိုင်လို့  မုန်တိုင်း ကုန်းတွင်းဝင်ရောက်မယ့် လမ်းကြောင်းအနီးမှ ပြည်သူတွေအနေနဲ့ ဇွန်လ လဆန်းပိုင်း ၁ ရက် ၂ ရက်မှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို  စတင်ပြင်ဆင်ဖို့ အချိန်ကျရောက်ပြီလို့  အသိပေးကြေညာထားပါတယ်။

မုန်တိုင်းဖြစ်လာချိန်မှာ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းအနီး မိုင် ၈၀ လောက်ကနေ  ကပ်လျက် မြောက်-အနောက်ဘက်ကို ရွေ့လျားမှာဖြစ်လို့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဒေသတွေမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။

ကြိုတင်ခန့်မှန်းချက်များမှ မုန်တိုင်းအမှန်တကယ်ဖြစ်လာနိုင်မယ့်  ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေထိ မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ ပြင်းအားတွေဟာ ပြောင်းလဲနေပြီး လက်ရှိကြိုတင်ခန့်မှန်းချက်ကတော့ မှန်ကန်နိုင်မှု ရာခိုင်နှုန်း ၈၀ အထိ ရှိတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မိုးဇလဌာနကလည်း ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဇွန်လ ၅ ရက်မှ ၁၀ ရက်အတွင်း  လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ဒီမနက် ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

အဆိုပါ လေထုမငြိမ်မသက်မှုကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကို စစ်တွေမြို့နယ်ကို ဗဟိုပြုပြီး အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်သွားတာကြောင့် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရသလို လူနေအိမ်တွေ၊ အဆောက်အဦတွေများအပြားပျက်စီးသွားပြီး သန်းနဲ့ ချီတဲ့ ပြည်သူတွေ သဘာဝဘေးဒုက္ခ ခံစားနေရတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013