ကော့ကရိတ်မြို့မှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်တင်းနေတဲ့အပြင် မွန်-ကရင် နယ်စပ်တလျှောက်က ကျေးရွာတွေမှာပါ စစ်ရေးပြင်ဆင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဧပြီလကတည်းကဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ၃ လနီးပါးကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီး အပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အထိနာနေပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့မှာ အောင်ဇေယျစစ်ကြောင်းက လူအင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတယ်လို့ နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူး ဗိုလ်ဆံရှည်က ပြောပါတယ်။
“ဒီဘက်လည်း အင်အားတိုးတယ်။ ဒီနေ့ အရောင်ပြောင်းကားတွေနဲ့ ၅ စီးတက်လာတယ်။ နောက်ပြီးတော့ ၂ နာရီခွဲလောက်မှာ ၁၅ စီးထပ်တက်တယ်။ ကျနော်တို့မနေ့တုန်းက အရှေ့ဘက်ကို တက်သွားတယ်။ မြေပြင်မှာတော့ သူတို့ ခါတိုင်းနေရာမှာပဲ။ အထက်ဘက်တော့ တိုးတယ်လို့ ကြားတယ်။”
ဇူလိုင် ၁၉ ရက်က ကော့ကရိတ်မြို့တွင်းကို သွားလာနေတဲ့ ရေကျော်ကြီးကျေးရွာလမ်းနဲ့ လှိုင်းဝလမ်းပိုင်းတွေကို စစ်ကောင်စီတပ်တွေက စက်ယန္တရားတွေနဲ့ ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း ဝင်ထွက်သွားလာသူတွေကို စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက “တဘက်က ရန်သူတွေမလာနိုင်အောင် သူတို့က လမ်းတွေ အကုန်လုံးဖျက်ဆီးထားတယ်။ ဘူဒိုဇာနဲ့ ထိုးကလော်လိုက်တယ်။ ပြီးတော့ ကျေးရွာထဲရှိနေတဲ့ လူတွေကိုလည်း အဝင်အထွက်စစ်တယ်။ အခု ကော့ကရိတ် ဘားအံသွားတဲ့ လမ်းတွေမှာလည်း စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ် လုပ်တာရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ တန်ပြန်စစ်ရေးလှုပ်ရှားတာ၊ စစ်ကြောင်းထိုးတာတွေ အမြဲတမ်းရှိနေတဲ့အပြင် ဒရုန်းတွေ ခပ်စိပ်စိပ်တက်လာတာတွေ မြင်နေရတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂျိုင်းမြစ်တလျှောက် ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး စစ်ရှောင်တွေရဲ့ နေအိမ်တွေကို သော့ဖျက် အတင်းဝင်ရောက်နေထိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“လောလောဆယ် ကမ်း(ဂျိုင်းမြစ်)ဘေးကနေ ပြောင်းပြီးတော့ နေတယ်။ သူတို့ လူတွေ တိုးချဲ့လာတယ်ထင်တယ်။ သူတို့က သင်္ဘောကို ဦးစားပေးပြီး ချောင်းကို အဓိကထားပြီးနေတယ်။ အခု သူတို့က ရွာထဲက အိမ်ကောင်းတွေမှာ ပြန်ပြောင်းပြီး ရွေးပြီးတော့ နေ နေတယ်။ မပေးနေလည်း သော့ဖျက်ပြီဝင်နေတယ်။”
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာဘုန်းကြီးကျောင်းနဲ့ လွှစင်ကုန်းကျေးရွာလမ်းဆုံကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်း ၅၀၀ ဗုံး ၄ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေအပါအဝင် တော်လှန်းရေးတပ်ဖွဲ့ဝင် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အပြင် ဒေသခံ ၁ သိန်းလောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အောင်ခန့်