ကင်ညာသမ္မတ ဝီလျံရူတိုဟာ လွန်ခဲ့တဲ့တပတ်က ထုတ်ပယ်ခံခဲ့ရတဲ့ အစိုးရအဖွဲ့ဝင် အများအပြားကို ဇူလိုင် ၁၉ ရက်မှာ ပြန်လည်ခန့်အပ်ခဲ့ပြီး အစိုးရသစ်ဟာ လူငယ်ဆန္ဒပြသူတွေရဲ့ မကျေနပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတရူတိုဟာ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးတို့ကို ပြန်လည်ခန့်အပ်ခဲ့ပြီး တခြားဝန်ကြီး ၂ ဦးတို့ကိုတော့ ရာထူးတာဝန်တွေ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ရူတိုဟာ ရာထူးခန့်အပ်မှု ၁၁ ခုကို ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံမှာ အရေးတကြီးနဲ့ နောက်ပြန်မဆုတ်တမ်း လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာမှာ အထောက်အကူပြုဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် စည်းလုံးညီညွတ်တဲ့ အစိုးရသစ်ကို ဖွဲ့စည်းဖို့ စတင်ဆောင်ရွက်နေပါပြီ လို့ ပြောသွားပါတယ်။
မကြာခင်မှာ ခန့်အပ်မယ့် နောက်ထပ် အမည်စာရင်း တင်သွင်းမှုတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့တွင်း ဟန်ချက်ညီမျှမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးကွဲလွဲမှုတွေ အားလုံးကို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အစုလိုက်အပြုံလိုက် ရာထူးဖယ်ရှားမှုတွေဟာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှ တောင်းဆိုမှုတွေကို လိုက်လျောပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပြုထားတဲ့ အခွန်တိုးမြှင့်မှု အစီအစဉ်ကနေ ရုပ်သိမ်းပြီး ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကို မဖြစ်မနေ လျှော့ချခဲ့တာလည်း ဖြစ်ပါတယ်။
ဇွန်လလယ်ကတည်းက ဆန္ဒပြမှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ရူတိုဟာ မြင့်မားတဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ငွေချေးသူမြီရှင်တွေဆီမှ ဖိအားတွေနဲ့ လူနေမှုစရိတ် ကြီးမြင့်မှုကြောင့် လူအများ နိုင်ငံကနေ ထွက်ခွာကုန်ခြင်းတွေအကြားမှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
Source-Reuters