အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်ကို ဇူလိုင် ၁၃ ရက် စနေနေ့က မဲဆွယ်ပွဲတခုမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဟာ မအောင်မြင်လိုက်ပေမဲ့ ဒီအခိုက်အတန့်ကို ဖလော်ရီဒါ နယ်သားတွေက အမြဲအမှတ်ရနေမယ့် အခိုက်အတန့်အဖြစ် တက်တူးနဲ့ မှတ်တမ်းတင်ထားတာက ခေတ်ရေစီးကြောင်းအသစ်တခု ဖြစ်နေပါတယ်။
သေနတ်ပစ်ခတ်မှုအပြီးမှာ နားရွက်မှ သွေးတွေထွက်လာပြီးတော့ မျက်နှာအောက်ကို ကျလာပြီးနောက်မှာ ထရမ့်ပ်က လက်သီးမြှောက်ပြီး “Fight, Fight, Fight” ဆိုပြီး ပြောနေတဲ့ပုံကို အထင်ကရ အမှတ်တရအနေနဲ့ ဆေးမင်နဲ့ အပြီးအပိုင် ရေးထိုးထားလိုက်ကြတာပါ။
နှစ်စဉ် အော်လန်ဒို တက်တူး အနုပညာပြိုင်ပွဲမှာ အရောင်အသွေးပေါင်းစပ်ခြင်းအတွက် ဒုတိယဆု ချိတ်ခဲ့တဲ့ ခရီးသွား တက်တူးပညာရှင် နစ်ကီဆဲဗင်းက ထရမ့်ပ်ရဲ့ပုံ တက်တူးကို ဖောက်သည်တယောက်ရဲ့ ခြေသလုံးမှာ ထိုးပေးခဲ့ပါတယ်။
တက်တူး အလုပ်သင် ဟန်နာကက်ရှ်ကလည်း ရီပတ်ဘလစ်ကန်သမ္မတလောင်းရဲ့ပုံကို အနက်ရောင် ကောက်ကြောင်းဖော်ပြီး သွေးထွက်နေတာကို ပေါ်လွင်အောင် အနီရောင်ကိုလည်း ပေါင်းစပ် ထည့်သွင်း ရေးဆွဲထားပါတယ်။
ထရမ့်ပ်ရဲ့ တက်တူးပုံတွေကို "FIGHT" ဆိုတဲ့ စကားလုံးနဲ့ တွဲထားပါတယ်။ ပန်ဆယ်လ်ဗေးနီးယားမှာ စနေနေ့က ထရမ့်ပ် မဲဆွယ်ပွဲမှာ ထောက်ခံသူတဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုဟာ ထရမ့်ပ်နဲ့ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်တို့အကြား နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း ကျိုးကြေနေတဲ့ နိုင်ငံရေး အခင်းအကျင်းကို မီးမောင်းထိုးပြခဲ့တယ်လို့ ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။
Source-Reuters