Home
မြန်မာသတင်း
မတူပီမြို့သိမ်းတိုက်ပွဲ၌ ဟောင်ဝစ်ဇာအမြောက်အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
July 2, 2024

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲမှာ မတူပီအခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၀၄၊ ခလရ ၁၄၀ နဲ့ ဗျူဟာကုန်းတို့ကနေ ဟောင်ဝစ်ဇာအမြောက်အပါအ၀င် လက်နက်ခဲယမ်းများစွာကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့တာ၀န်ခံတဦးက “ကျနော်တို့ Operation CB စစ်ဆင်ရေးအနေနဲ့ မတူပီမြို့သိမ်းတိုက်ပွဲကနေ ဟောင်ဝပ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီး ၂ လက် အပါအ၀င် တခြားလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အမြောက်အမြား သိမ်းဆည်းရရှိခဲ့ပါတယ်။ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မပါသေးတဲ့ နောက်ထပ် လက်နက်ခဲယမ်းတွေလည်း အမြောက်အမြား ကျန်ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

မတူပီမြို့ကို ဇွန် ၂၉ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် AA၊ Yaw Army (YA)၊ Yaw Defense Force (YDF) တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

YDF တာ၀န်ရှိသူတဦးက “ကျနော်တို့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ တခြားမဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ကင်းစင်ရေး ရည်မှန်းချက်နဲ့အညီ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမှာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဇွန် ၂၉ ရက်မှာ မတူပီမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြတာကြောင့် မတူပီမြို့နယ်တခုလုံးဟာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်သွားပြီလို့လည်း ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။

မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်သွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ တစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရှိသေးပါဘူး။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းထားတဲ့ မတူပီမြို့မှာ မြို့တွင်း နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF က ပြောပါတယ်။

မတူပီမြို့ကို ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် ဖော်ဆောင်ပြီး မဟာမိတ်အဖြစ် အာရက္ခတပ်တော် (AA)၊ Yaw Army-YA၊ Yaw Defense Force -YDF တို့ပါဝင်ပြီး ဇွန် ၂၉ ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

CNDF တာဝန်ရှိသူက “ရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ပြည်သူတွေပြန်လို့ လုံခြုံတဲ့ အခြေအနေရောက်ရင် CB က ကြောညာချက် ထုတ်ပါလိမ့်မယ်။ လုံခြုံတဲ့အဆင့်ရောက်ရင် ပြန်လာဖို့ ဖြစ်ပါလိမ့်မယ်။ နောက် တပ်မဟာ ၁ ဘက်ကလည်း ပြည်သူ့အုပ်ချုပ်ရေးတွေ ပြန်လည်ပတ်လာအောင် လုပ်ဆောင်နေဆဲဖြစ်တယ်” လို့ ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ချင်းညီနောင်က ထုတ်ပြန်လာပြီး လက်ရှိ မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသူတွေကို လိုက်လံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“မြို့တွင်းတော့ ၁၀၀ ရာခိုင်နှုန်း ပြီးသွားပါပြီ။ ကျန်နေသေးတဲ့ အရာတွေလည်း ဆောင်ရွက်နေဆဲပါ။ အတိအကျတော့ ပြန်ကြေညာဖို့ဖြစ်ပါမယ်။ တချို့လက်နက်တွေဆိုရင် ပြန်စုနေတယ်။ မနေ့ညဆိုရင်လည်း နောက်ထပ်သိမ်းတဲ့ လက်နက်တွေ ပြန်ဖြည့်နေဆဲပေါ့။ ဗျုဟာကုန်းနဲ့ ၁၄၀ ဆိုတာ နည်းတဲ့အကျယ်အဝန်း မဟုတ်ဘူး။ လက်နက်ထားခဲ့တဲ့ဟာတွေကော နောက် ထွက်ပြေးလို့ ပြန်တိုက်ပြီး သိမ်းတဲ့ဟာတွေရှိတယ်” လို့ ဆက်ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာတွေမှ ပြည်သူ ၉၀ ရာခိုင်နှုန်းဟာ နီးစပ်ရာ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013