ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်း၊ စသုံးလုံးယူနီဖောင်း၊ လဝက၊ မီးသတ်၊ အကောက်ခွန်၊ အကျဉ်းဦးစီးဌာန စတဲ့ ယူနီဖောင်းဝတ်ဆိုရင် ပြည်သူလူထုဟာ မစင်ထက် မုန်းတီးရွံရှာနေကြပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ယူနီဖောင်းဝတ်တွေ အားလုံးဟာ အများပြည်သူကို အလုပ်အကျွေးပြုရမယ့် သူတို့ရဲ့ မူလတာဝန်ကို မထမ်းဆောင် မကျေပွန်နိုင်ကြဘဲ စစ်အာဏာရှင် မကောင်းဆိုးဝါးတွေထံ သစ္စာခံ အမှုထမ်းရင်း ပြည်သူလူထုကို သတ်ဖြတ်ညှဉ်းဆဲ ခိုးဆိုးလုနှိုက် ဓားပြတိုက် ငွေညှစ် လက်ကုန် ဒုက္ခမျိုးစုံ ပေးနေကြတာမို့ နိုင်ငံ့ဝန်ထမ်းအဆင့်ကနေ ယူနီဖောင်းဝတ် မကောင်းဆိုးဝါးများအဖြစ် အသွင်ပြောင်းခဲ့ကြတာကြောင့် ဖြစ်ပါတယ်။
တကယ်တော့ စစ်ဝတ်စုံဝတ်ထားရုံနဲ့ စစ်သားမဖြစ်ပါဘူး။ စစ်သားမှန်ရင် အမှန်တရားနဲ့ ပြည်သူဘက်က ရပ်တည်ရဲရမယ်။ အဓမ္မနဲ့ မတရားမှုကို ဆန့်ကျင်ရဲတဲ့သတ္တိနဲ့ ရဲရင့်မှုရှိမှသာ စစ်သားဖြစ်ပါတယ်။ အမှားနဲ့ အမှန် ခွဲခြားနိုင်တဲ့ ဉာဏ်ပညာရှိရမယ်၊ ကိုယ်ကျင့်သီလ ကောင်းမွန်ရမယ်။ ဒါမှသာ စစ်သားကောင်းတယောက်ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံနဲ့ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
အဲ့လိုမဟုတ်ဘဲနဲ့ စစ်ယူနီဖောင်းသာ ဝတ်ထားပေမဲ့ အမှားနဲ့အမှန် ခွဲခြားနိုင်တဲ့ ဉာဏ်ပညာမရှိဘူး၊ ခွဲခြားနိုင်ပေမဲ့လည်း အမှန်တရားနဲ့ ပြည်သူဘက်က မရပ်တည်ရဲဘူး၊ အဓမ္မကို ဆန့်ကျင်ရဲတဲ့ သတ္တိမရှိဘူး၊ မရဲရင့်ဘူးဆိုရင် ဖိနှိပ်သူလူတန်းစားဘက်မှာ ရပ်တည်ပြီး မိဘပြည်သူလူထုကြီးအပေါ် သစ္စာဖောက်ဖျက်ရတာမို့ ပြည်သူမုန်းတီးတဲ့ စစ်ယူနီဖောင်းဝတ် မကောင်းဆိုးဝါးတကောင်ဘဝ ရောက်ကြရမှာ ဖြစ်ပါတယ်။
ပြည်သူ့အမုန်းခံ ယူနီဖောင်းဝတ် မကောင်းဆိုးဝါးဖြစ်ပြီ ဆိုတာနဲ့ ရှင်သန်နေသမျှ ကာလပတ်လုံး မသေမချင်း လူတောမတိုးရဲတော့ရုံသာမက အများပြည်သူရဲ့ အမုန်းနဲ့ ကျိန်စာတိုက် ခံကြရမှာ ဖြစ်ပါတယ်။ သူတို့ခေတ် ကုန်ဆုံးချိန်ရောက်လို့ ဘဝအဆုံးသတ်ပြီး သေဆုံးရတဲ့အခါမှာလည်း လူမသိသူမသိ ခြောက်ကပ်တိတ်ဆိတ်စွာ လူ့လောကမှ စွန့်ခွာကြရမြဲဖြစ်ပြီး သူတို့အုတ်ဂူပေါ် (သို့) သေလွန်ပြီးတာတောင် အကြောင်းတိုက်ဆိုင်တာနဲ့ အများပြည်သူရဲ့ တံတွေးထွေးတာ အကြိမ်ကြိမ်ခံရမှာမို့ သူတို့ရဲ့ ကျန်ရစ်တဲ့ မျိုးဆက်များ အရှက်တကွဲ အကျိုးနည်းပြီး အရှက်ရစေကြမှာ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ အာဏာရှင်လက်ပါးစေ စစ်ဓားပြတပ်ထဲနဲ့ လက်ပါးစေ ယူနီဖောင်းဝတ်တွေ အတွက်သာ မဟုတ်ဘဲ နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ ပါဝင်ဆင်နွှဲလာကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ဒေသခံ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ (EAOs) အားလုံးလည်း တော်လှန်ရေးသတိနဲ့ မိမိလုပ်ရပ်ကို အမြဲမပြတ် ဆင်ခြင်နေကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ အသက်ဘဝနဲ့ အိုးအိမ်စည်းစိမ်တွေကို လူမဆန်စွာ ရန်ရှာသတ်ဖြတ် ဖျက်ဆီးရမ်းကားနေတဲ့ လက်ရုံးတပ်ဖွဲ့ဝင်၊ အရန်အင်အား စတဲ့ စစ်ဓားပြ ကြည်းတပ်ဖွဲ့တွေ၊ ကလေးသူငယ်တွေ စာသင်တဲ့ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဆေးရုံတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်လေယာဉ်မောင်း လူသတ်ကောင်တွေ၊ နည်းပညာပံ့ပိုးပေးနေတဲ့ သွယ်ဝိုက်လူသတ်ကောင် စစ်ဓားပြလက်ပါးစေတွေပါတဲ့ မိစ္ဆာလေတပ်နဲ့ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူတည်ဆောက်ထားတဲ့ ရေယာဉ်စစ်သင်္ဘောတွေပေါ်ကနေ အများပြည်သူအိမ်ရာ မြို့ရွာတွေကို အမြောက်တွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ဓားပြရေတပ်ထဲက တိုက်ခိုက်ရေးသမားဖြစ်ဖြစ်၊ နည်းပညာအထောက်အကူပြု အာဏာရှင်လက်ပါးစေ အားလုံးဟာ စစ်ယူနီဖောင်းဝတ် မကောင်းဆိုးဝါးများသာ ဖြစ်ကြပါတယ်။
သူတို့ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မှုတွေကို အခုချိန်ထိ တာဝန်မခံရသေးတာမို့ ပိုပြီး လက်ရဲဇက်ရဲ သတ်ဖြတ်ကျူးလွန်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်တပ်ထဲ ဆက်အမှုထမ်းနေကြတဲ့ စစ်ယူနီဖောင်းဝတ်တွေဟာ မကောင်းဆိုးဝါးစာရင်းဝင်ပြီး မကြာတော့တဲ့ အနာဂတ်တခုမှာ တတပ်လုံး ပြည်သူ့ခုံရုံးတက်ရတဲ့တနေ့မှာ အထက်အမိန့်ကြောင့် ကျူးလွန်ရပါတယ်လို့ အကြောင်းပြလည်း ထိုက်တန်တဲ့ အပြစ်ပေးတာ ခံရမှာ မလွဲဧကန် ဖြစ်ပါတယ်။
အမှန်တရားနဲ့ ပြည်သူလူထုဘက်က ရပ်တည်ရဲတဲ့ စစ်သား၊ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးကြတဲ့ စစ်သားနဲ့ တခြား ယူနီဖောင်းဝတ်တွေဆိုရင် အများပြည်သူကလည်း အပြန်အလှန် တန်ဖိုးထား အသိအမှတ်ပြု လေးစားကြပါတယ်။ ပြည်သူချစ်တဲ့ ယူနီဖောင်းဝတ်တွေဟာ အသက်ရှင်နေသမျှ ကာလမှာလည်း ခေါင်းမော့ ရင်ကော့လို့ လူတောတိုးနိုင်ပြီး ပွဲလည်တင့်ကြပါတယ်။ ပြည်သူချစ်တဲ့ ယူနီဖောင်းဝတ်တွေ အချိန်တန်လို့ ကွယ်လွန်အနိစ္စရောက်ခဲ့ရင်လည်း အများပြည်သူတွေက နှမျှောတသ ဝမ်းနည်းကြပါတယ်။ ကွယ်လွန်ပြီးတာတောင် အကြောင်းတိုက်ဆိုင်တိုင်း အများပြည်သူက ချီးမွမ်းထောပနာပြုတာ အကြိမ်ကြိမ်ခံရတာမို့ သူတို့ရဲ့မျိုးဆက်တွေဟာ ခေါင်းမော့ ဂုဏ်ယူနိုင်ကြပါတယ်။
အဲဒီအချက်ကို ထင်ရှားစေတဲ့ ဥပမာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးမှာ ၁၉၈၈ ခုနှစ်ကစပြီး တစိုက်မတ်မတ် ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ စစ်သားဟောင်း နိုင်ငံရေးသမားကြီးအဖြစ် ရှေ့တန်းက ပါဝင်ခဲ့တဲ့ ပြည်သူ့စစ်သားကြီး ဦးတင်ဦးပဲ ဖြစ်ပါတယ်။
ပြည်သူချစ်တဲ့ စစ်ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးတင်ဦးဟာ ၁၉၄၃ ခုနှစ် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ခေတ်ကနေ ၁၉၇၆ ခုနှစ်မှာ သူရဦးတင်ဦးဟာ ကာကွယ်ရေးဦးစီးချုပ် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ နိုင်ငံတော်ပုန်ကန်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖျက်ဆီးရန် ကြံစည်မှုတွေမှာ သတင်းထိန်ချန်မှုနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် နေဝင်းက ပြစ်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက် လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ချိန်မှာ တပ်မှူးဟောင်းကြီးတွေ ပါဝင်တဲ့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်ဌာနရှေ့မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေအကြောင်း ဆန္ဒပြနေတဲ့ ပြည်သူလူထုကြီးကို စည်းရုံး ဟောပြောခဲ့ပါတယ်။
အဲဒီကနေ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးကြီးတလျှောက် နှစ်ပေါင်း ၃၆ နှစ်ကျော် ပြည်သူလူထုဘက်မှာ တစိုက်မတ်မတ် ရပ်တည်ရုန်းကန်ခဲ့ရင်း ရန်ကုန်ဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက် မနက် ၈ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။ ပြည်သူချစ်တဲ့ ရှားပါး စစ်ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးတင်ဦး ကွယ်လွန်မှုကို အများပြည်သူတွေက ပူဆွေးသောကရောက်ရင်း နှမျောတသကြပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးမှာ သူ့ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြရုံမက ေနာင်အနာဂတ် အကြောင်းတိုက်ဆိုင်တိုင်း အမှတ်ရနေကြဦးမှာ ဖြစ်ပါတယ်။
အဲဒါနဲ့ဆန့်ကျင်ဘက် သာဓက အဖြစ်အပျက်ကတော့ လူထုကို လက်နက်အားကိုး ဗိုလ်ကျသတ်ဖြတ်ခဲ့ရုံမက မြန်မာနိုင်ငံကို ဆင်းရဲမွဲတေပြီး ဖွံ့ဖြိုးမှုနောက်အကျဆုံး ဖြစ်စေခဲ့တာမို့ ပြည်သူ့အမုန်းခံ စစ်ယူနီဖောင်းဝတ် မကောင်းဆိုးဝါး အာဏာရှင် နေဝင်း ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ သေဆုံးခဲ့စဉ်တုန်းကတော့ အများပြည်သူတွေ ဝမ်းမနည်းကြ၊ နှမျောတသမှု မရှိသလို အသုဘအခမ်းအနားကို ခြောက်ကပ်တိတ်ဆိတ်စွာ ကျင်းပသွားခဲ့ရပါတယ်။ တကယ်လို့များ သူ့ကို အုတ်ဂူသွင်း သင်္ဂြိုဟ်မယ်ဆိုရင် ပြည်သူတွေဟာ သူ့အုတ်ဂူကို တံတွေးနဲ့ထွေး တုတ်နဲ့ရိုက်ခံရမယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် စစ်ဝတ်စုံဝတ်ထားကြပေမဲ့ နိုင်ငံနဲ့ ပြည်သူအပေါ် ရမ်းကားယုတ်မာကြသူတွေဟာ စစ်သားဖြစ်မလာဘဲ ယူနီဖောင်းဝတ် မကောင်းဆိုးဝါးတွေသာ ဖြစ်လာကြပြီး အများပြည်သူရဲ့ မုန်းတီးရွံရှာမှုတွေသာ ပွေ့ပိုက်လို့ ရေပွက်ပမာ တိုတောင်းလှတဲ့ လူ့ဘဝမှာ မကောင်းသတင်းများနဲ့သာ ကျော်ဇောရင်း ဘဝဇာတ်သိမ်းတဲ့အခါ အရှက်တကွဲ အကျိုးနည်း ကြုံရရင်း ဂုဏ်သိက္ခာမဲ့စွာ ထွက်ခွာရလေ့ ရှိပါတယ်။
အခြားတဖက်မှာတော့ အဓမ္မနဲ့ မတရားမှုကို ဆန့်ကျင်ရဲပြီး အကျင့်သီလကောင်းတဲ့ မြန်မာလွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ပြည်သူချစ်တဲ့ စစ်သားကြီး ကွယ်လွန်ပြီးလို့ နှစ်ပေါင်း ၇၇ နှစ်ကြာတာတောင် အများပြည်သူက လွမ်းဆွတ်တသလို့ မပြီးနိုင်ဘဲ ကျန်ရစ်တဲ့ အာဇာနည်ဗိမာန်ဆိုတာ နှစ်စဉ်နှစ်တိုင်း လူမျိုးစုံ ဘာသာစုံ ရဟန်းရှင်လူတို့ လာရောက်ဦးခိုက် အမှတ်ရ အလေးပြုကြရတာ မဟုတ်ပါလား။
ဒီကနေ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံထက်မှာ ကဏ္ဍအသီးသီးမှာ ကျရှုံးရင်း ဇာတ်သိမ်းခန်းကို ရောက်ရှိနေကြတဲ့ လက်နက်အားကိုး အာဏာလု စစ်ဓားပြဂိုဏ်းက ပြည်သူ့အမုန်းခံ ယူနီဖောင်းဝတ် မကောင်းဆိုးဝါးခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒရုန်းစာမိလို့ဖြစ်ဖြစ်၊ မရှုမလှ စစ်ရှုံးလို့ဖြစ်ဖြစ်၊ သူ့ရဲ့စီနီယာ အာဏာရှင် သန်းရွှေတို့ မိစ္ဆာအိုအုပ်စုနဲ့ အချင်းချင်း ဇာတ်တူသား အပြန်အလှန်စားလို့ လက်ဦးသူက အနိုင်ရပြီး လက်နှေးသူက အသက်ဆုံးရမယ်ဆိုရင် တရန်အေးတယ်ဆိုပြီး တနိုင်ငံလုံး အတိုင်းအတာက တိုင်းရင်းသား အများပြည်သူတွေဟာ ခြိမ့်ခြိမ့်သဲအောင်ပွဲခံ ဝမ်းမြောက်ပျော်ရွှင်ကြမှာ ဗေဒင်မေးစရာ မလိုအောင် ပြည်သူ့အမုန်းက ကြီးမားနက်ရှိုင်းလို့နေတာ အားလုံးအသိ ဖြစ်ပါတယ်။ တကယ်လို့ ကျန်ရစ်တဲ့ သူတို့မိသားစုတွေကများ အမြော်အမြင်နည်းပြီး သူတို့အတွက် အုတ်ဂူကို မဆင်မခြင် ဆောက်မိရင်တော့ သန်း ၅၀ သော ပြည်သူလူထု လာထွေးမယ့် တံတွေးပင်လယ်မှာ မြုပ်ချီ နစ်ချီ ဖြစ်ရင်းနဲ့ ပေါ်လာနိုင်စရာအကြောင်း မမြင်မိပါကြောင်း။
မင်းကောင်းချစ်