ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲမှာ ကျေးရွာအုပ်စုပေါင်း ၁၇ ရွာရှိပြီး အင်းပေါခုံရွာအုပ်စုရှိ ဆည်ခေါင်းရွာကတော့ တရွာလုံး ရိုးရာပန်းပဲလုပ်ငန်းနဲ့သာ အသက်မွေးဝမ်းကျောင်းကြပါတယ်။
ဦးစိန် ပန်းပဲဖိုကတော့ ဘိုးဘွားတွေလက်ထက်ကတည်းက ပန်းပဲလုပ်ငန်းကိုသာ လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ရာမှ လက်ရှိမှာတော့ နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီလို့ သိရပြီး ဓား၊ ကတ်ကြေးကစလို့ လယ်ယာသုံး၊ လက်သမားသုံး ကိရိယာတွေပါ ထုတ်လုပ်နေကြတာပါ။
ဒီလိုလုပ်ဖို့ အဓိကလိုတဲ့ ကုန်ကြမ်းကတော့ မော်တော်ကားတွေကရတဲ့ လေးသံဖြစ်ပြီး ပုံမှန်သံကျွတ်တွေထက် အရည်အသွေးကောင်းမွန်လို့ အင်းလေးဒေသက သုံးစွဲသူတွေအပြင် ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအနှံ့ကပါ ဝယ်ယူကြပါတယ်။
ဦးစိန်ပန်းပဲဖို ပညာရှင်က “နှစ် ၁၀၀။ ကားထဲက လေးသံကို အဓိကသုံးတယ်။ ကုန်ကြမ်းတော့ နည်းနည်းခက်တယ်။ ဈေးလည်း တက်တာပေါ့နော်။ တပိဿာကို ၄,၀၀၀ လောက်ရှိတယ်။ ကုန်ဈေးနှုန်းတက်တော့ အကုန်တက်တာပေါ့။ ရှေးတုန်းက ၁,၅၀၀၊ ၂,၀၀၀ ကနေ တပိဿာကို ၄,၀၀၀၊ ၅,၀၀၀ လောက် ဖြစ်သွားပြီ။ ၅၀ သားဆို ၂ ချောင်းလောက် လုပ်လို့ရတယ်။ ၃၀ သားဆို ၃ ချောင်းလောက်။ ခွဲစိပ်ပြီးတော့ သုံးရတာပေါ့။ လယ်ယာသုံး ဓားကောက်တို့ ဓားမတို့ပေါ့။ တချောင်းကို ၂၀,၀၀၀ လောက်ရတယ်။ ခက်ခဲတာကတော့ မီးသွေးဆိုလည်း မလွယ်ဘူး။ ကိုဗစ်ကာလမတိုင်ခင်ကတော့ ကောင်းတာပေါ့။ အခုက တအားလုပ်နေရတာ။ ပစ္စည်းဈေးတက်တော့ သိပ်ပြီးတော့ မကျန်တော့ဘူးလေ” လို့ ပြောပါတယ်။
ခရီးသွားတွေကို အဓိကအားထားပြီး ဝင်ငွေရရှိခဲ့တဲ့ အင်းလေးဒေသကတော့ ၂၀၁၉ မှာ ကိုဗစ်-၁၉ ကြောင့် ခရီးသည်မဝင်တာ၊ အလုပ်အကိုင် နည်းပါးမှုတွေ ကြုံတွေ့ခဲ့ပေမဲ့ ပန်းပဲလုပ်ငန်းတွေဟာ ဒေသအခြေပြုပြီး ပုံမှန်လည်ပတ်လို့ အဆင်ပြေခဲ့ပါသေးတယ်။
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေနဲ့ တနိုင်ငံလုံး စီးပွားရေးကျဆင်းမှု ကြုံလာချိန်မှာတော့ အင်းလေးဒေသက ခရီးသွားလုပ်ငန်း၊ အခြား ရိုးရာလုပ်ငန်းတွေအပြင် ပန်းပဲလုပ်ငန်းပါ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် လုပ်ငန်းတွေအတွက် အရေးပါတဲ့ လျှပ်စစ်ဓာတ်အားက နာရီပိုင်းသာ ရရှိတဲ့အပြင် လောင်စာဆီ ဈေးကြီးလွန်းတာကြောင့် မီးစက်အသုံးမပြုနိုင်ဘဲ ပန်းပဲလုပ်ငန်းမှာ လောင်စာအဖြစ် မီးသွေးကိုသာ ပြန်လည်အားပြု သုံးစွဲနေရတယ်လို့ ဦးစိန် ပန်းပဲပညာရှင်တဦးက ဆိုပါတယ်။
“မီးသွေးနဲ့ သံပေါ့။ မီးမလာတော့ ပိုဆိုးတာပေါ့။ ဒီဇယ်အင်ဂျင်နဲ့ ခုတ်ရတော့ ဒီဇယ်လည်း ရှေ့ဆက်ဖို့ မလွယ်ဘူး။ ဒီတဖိုဆို ၁၀ လက်ပေါ့။ အလေး(လေးသံ) နဲ့ဆို။ အခြားသံညံ့ဆို အလက် ၂၀ လောက် ထွက်တယ်။ သုံးတဲ့သူတော့ မကောင်းဘူး။ ထုတ်တဲ့သူတော့ ရှိတာပေါ့။ ကုန်ကြမ်းတော့ ဈေးများတာပေါ့။ ခက်ခဲတယ်။ ဓားဈေးလည်း တက်သွားတယ်။ ကိုဗစ်တုန်းက ၈,၀၀၀ ဆို အခုက ၂၀,၀၀၀ လောက်ဖြစ်သွားတယ်။ အဝယ်ပါးတာပေါ့၊ တချို့လည်း ၂ ချောင်းဆို ၁ ချောင်းလောက်ပဲ ဝယ်တော့တာပေါ့၊ သိပ်ပြီး မသုံးတော့ဘူးလေ။ အခက်ခဲဆုံးကတော့ အခုလောလောဆယ်ဆို လျှပ်စစ်မီးပေါ့။ မီးကရတယ်။ လာတဲ့အချိန်က နည်းတာပေါ့။ တနာရီ ၂ နာရီလောက်ပဲ။ အသွားသွေးတဲ့နေရာနဲ့ ဖိုထိုးတဲ့အချိန်မှာ လျှပ်စစ်မီးကို သုံးတယ်။”
အခက်အခဲတွေ ရှိနေပေမဲ့ ရိုးရာပန်းပဲလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းလုပ်ကိုင်ဖို့အတွက် ဦးစိန် ပန်းပဲမိသားစုတွေထဲက လူငယ် လူရွယ် ၇ ဦးဟာ ပန်းပဲပညာကို သင်ယူ လုပ်ကိုင်နေကြပါတယ်။
ပန်းပဲပညာသင်ယူသူတဦးက “ကျနော်တို့ အကြမ်းထုပြီး အသွားသွေးပေါ့။ ၇ တန်း ၈ တန်းကတည်းက သင်လာတာ။ ၈၀ ရာခိုင်နှုန်းလောက်တော့ လုပ်တတ်နေပြီ။ အခက်အခဲတော့ မရှိဘူး။ နည်းနည်းတော့ ပင်ပန်းတာပေါ့။ မကျွမ်းကျင်သေးချိန်တော့ ခက်ခဲတာပေါ့။ လုပ်တတ်ရင် အဆင်ပြေတာပေါ့။ ကုန်ကြမ်းကနေ အကြမ်းထုပြီး တဆင့်၊ အကြမ်းထုပြီးကနေ ချောတယ်ပေါ့။ ၄ ဆင့်တော့ လုပ်တတ်ပြီပေါ့။ တရွာလုံးတော့ ပန်းပဲလုပ်ကြတယ်။ စက်မှုနဲ့လုပ်ရင်တော့ လူပင်ပန်းသက်သာတာပေါ့။ အကြမ်းထုတာပေါ့၊ စက်နဲ့လုပ်တာပေါ့။”
ကုန်ကြမ်းဖြစ်တဲ့ ကားလေးသံကနေ အသွားဖော်၊ အသွားညှိ၊ အမာတင်၊ မီးဆေး စတဲ့ အဆင့်ဆင့် ဖြတ်သန်းပြီးမှ ဈေးမှာရောင်းနိုင်တဲ့ ဓားတလက် ဖြစ်တာလို့ ပန်းပဲဆရာရဲ့ သားဖြစ်သူက ပြောပြပါတယ်။
“အသွားဖော်တယ်၊ အသွားညှိတယ်။ အသွားဖော်တာ တချောင်းကို ၁၅ မိနစ်လောက် ကြာတယ်။ နောက်တဆင့်ကတော့ အမာတင်တဲ့အဆင့်၊ မီးဆေးတဲ့အဆင့်။ အသွားဖော်တဲ့ အဆင့်မရောက်ခင်မှာ မီးပေးတဲ့အဆင့်။ ပုံဖော်ပြီးရင် ဒုတိယအဆင့် အချောပြန်သတ်တယ်။ အသွားပြန်ဖော်တယ်။”
ဦးစိန် ပန်းပဲဖို မိသားစုကတော့ နန်းပန်ရွာ ၅ ရက်တဈေးမှာပဲ သူတို့ထုတ်လုပ်တဲ့ ပန်းပဲထည်အမျိုးမျိုးကို လူမျိုးတွေအလိုက် သုံးစွဲလေ့ရှိတဲ့ လယ်ယာသုံးပစ္စည်းတွေ အပါအဝင် ဓား ၁၀ မျိုးလောက်ကို ရောင်းချလေ့ရှိကြပါတယ်။
ဦးစိန်ပန်းပဲလုပ်ငန်းက ပညာရှင်က “ဒါက မြက်ခုတ်တဲ့ဟာ၊ အရိုးရှည်တပ်ပြီးရင် ပြန်ကောက်မှာ။ ကောက်ပြီးတော့ ရေထဲပြန်စိမ်၊ ကွေးတာ နောက်ဆုံးအဆင့်ရောက်တော့မှာ။ ဒါက မြက်ခုတ်တဲ့ဟာလေ၊ ဒါကွေးပြီးတော့မှ အမာတင်မှာ နောက်ဆုံးအဆင့်ရောက်တော့မှာ။ ဒီတချောင်းကို ၂၀,၀၀၀ လောက်ရတယ်။ အော်ဒါမှာတယ်။ ဒီနားက နန်းပန် တဈေးမှာပဲ ရောင်းတာ။ ဓားအမျိုး တမျိုးကို ၁၀၊ ၁၀ နဲ့ဆို အချောင်း ၁၀၀ လောက်ပေါ့။ ဈေးမှာရောင်းတဲ့ ဓားမမျိုးတွေ အစုံပေါ့။ ဒါမျိုးအဓိကရောင်းရတယ်။ ဒေသသုံးပေါ့၊ ပအိုဝ်းတွေသုံးတယ်။ ဒီကောင်တွေကဆို ဒီမှာဆို ဗမာတွေ ကြိုက်တဲ့ဟာ။ သူ့နေရာနဲ့ သူပေါ့နော်။ ဈေးမှာဆို ဒီလိုဟာပေါ့။ ဒီဘက်အဖြောင့်၊ ဒီဘက်အကောက်တွေ အဲ့လိုပေါ့။”
အင်းလေးကန်ဒေသရှိ ရွာတွေမှာ စိုက်ပျိုးမွေးမြူရေး၊ ပန်းပဲ၊ ပန်းထိမ်၊ ရက်ကန်း စတဲ့ ရိုးရာလုပ်ငန်းတွေ ရှိသလို အင်းသားတွေအပြင် ရှမ်း၊ တောင်ရိုး၊ ပအိုဝ်း၊ ဓနု၊ ကယား၊ ဓနောနဲ့ ဗမာတွေပါ နေထိုင်ကြပါတယ်။
ဒေသခံတွေဟာ ဒီလိုလုပ်ငန်းတွေကနေ ရရှိလာတဲ့ ထုတ်ကုန်တွေကို အင်းလေးဒေသရဲ့ ရွာအလိုက် ဈေးနေ့တွေဖြစ်တဲ့ ငါးရက်တဈေးတွေမှာ သွားရောက်ရောင်းချလေ့ရှိကြပြီး ကိုဗစ်ကာလ မတိုင်ခင်ကလို ခရီးသွားတွေ၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ ဒေသထုတ်ကုန်တွေ ဈေးကောင်းရရှိဖို့ကိုလည်း လိုလားနေကြပါတယ်။
ဝေယံဦးကြည်