ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ပိုင် မြန်မာဘီယာစက်ရုံမှာ ဝန်ထမ်းတွေကို စစ်တပ်မကောင်းကြောင်း မပြောဖို့ မေ ၁၆ ရက် ဒီနေ့မှာ စည်းကမ်းချက် ထုတ်လိုက်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
မြန်မာဘီယာစက်ရုံအတွင်းက ဝန်ထမ်းတွေကို အလုပ်ချိန်တွင်း နိုင်ငံရေးအကြောင်း မပြောဖို့ စည်းကမ်းချက် ထုတ်ထားတဲ့အထဲမှာ စစ်တပ်မကောင်းကြောင်းကို လုံးဝမပြောဖို့ ထပ်မံ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
“အရင်ကတည်းက နိုင်ငံရေးအကြောင်းမပြောဖို့ စည်းကမ်းထုတ်ထားတာ၊ အခု စစ်တပ်မကောင်းကြောင်း မပြောဖို့ ထပ်ပြီး စည်းကမ်းထုတ်တယ်။ စကားပြောရင်း စစ်တပ်အကြောင်း ပါသွားတာတောင် မရဘူး။”
စက်ရုံမှာ အလုပ်လုပ်နေသူတွေ မေ ၁၃ ရက်က လုပ်ငန်းခွင်အတွင်း စကားပြောဆိုရင်း စစ်တပ်က ပြည်သူလူထုအပေါ် အနိုင်ကျင့် နှိပ်စက်နေမှုတွေကို ပြောဆိုရာက စက်ရုံမှ အငြိမ်းစား စစ်မှုထမ်းဟောင်းတဦးက တိုင်ကြားခဲ့တာဖြစ်တယ်လို့ စက်ရုံနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“တပ်ကထွက်လာတဲ့သူတဦးက စက်ရုံထဲက အလုပ်သမားတွေ ထမင်းစားချိန်မှာ စစ်တပ်မကောင်းပြောတယ်ဆိုပြီး စစ်တပ်လော်ဘီတဦးကို စာပို့တာ၊ အဲ့ကနေ ပြဿနာစတာ။”
လတ်တလောမှာ မြန်မာဘီယာစက်ရုံအတွင်း စက်ရုံမှူးနဲ့ မန်နေဂျာတွေက အလုပ်သမားတွေ ထမင်းစားချိန်မှာ နိုင်ငံရေးအကြောင်းနဲ့ စစ်တပ်မကောင်းကြောင်း ပြောသူရှိမရှိကို စောင့်ကြည့်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
စစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံဟာ ပြီးခဲ့တဲ့နှစ်တွေက တော်လှန်ရေးအဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။