အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုစွဲချက်နဲ့ မြန်မာနိုင်ငံပေါ် စွဲဆိုထားတဲ့အမှုအတွက် လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ကျဖို့ မျှော်လင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က ပူးတွဲ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟက်စ်နာမာမွတ်၊ ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ်ဖြစ်သူ ဒေါ်ဒါ အေဂျယ်လိုတို့ တွေ့ဆုံမှုအပြီးမှာ အခုလိုထုတ်ပြန်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် သတင်းမှာဖော်ပြပါတယ်။
သူတို့နှစ်ဦးဟာ ဂမ်ဘီယာမှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) အစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အကြိုအစည်းအဝေး ပြုလုပ်ချိန်မှာ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အတင်းအဓမ္မ ရွှေ့ပြောင်းခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးပြီး လူသားချင်းစာနာမှုတွေ ပေးအပ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို ကျေးဇူးတင်ကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာအမှု ကိုင်တွယ်ဖို့အတွက် ဂမ်ဘီယာကို ဘဏ္ဍာရေးအကူအညီပါ ပေးအပ်တဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်တယ်လို့လည်း ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကလည်း ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအရ ခိုလှုံခွင့်ပေးအပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတာတွေနဲ့ အနာဂတ်မှာ ကြုံလာရနိုင်တဲ့ အခက်အခဲတွေကို ရှင်းပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာနေနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ပြန့်ပို့ရေးနဲ့ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့အဖြေတရပ်လိုအပ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဂမ်ဘီယာတရားရေးဝန်ကြီးက ICJ အမှုအတွက် ရန်ပုံငွေ မလုံလောက်တဲ့ပြဿနာရှိနေတယ်လို့ ဆိုပါတယ်။
အမှုဆက်တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ တရားရေးအကူအညီနဲ့ သက်သေအထောက်အထားတွေ ဘင်္ဂလားဒေ့ရှ်ဘက်က ပံ့ပိုးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ OIC အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ မှာ တရားစွဲခဲ့တာဖြစ်ပါတယ်။
Photo-BSS
ဆက်စပ်သတင်းများ—