Home
မြန်မာသတင်း
ကြံခင်းတွင် ရေဆင်းကူးသည့် လူငယ် ၄ ဦး နစ်မြုပ်သေဆုံး၊ ရေးနှင့် မော်လမြိုင်တွင် လူသတ်မှုဖြစ်
DVB
·
April 27, 2024
water 2742024

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဒီနေ့ ဧပြီ ၂၇ ရက် ဧရာဝတီမြစ်ထဲရေဆင်းကူရင်း လူငယ် ၄ ယောက် ရေနစ်သေဆုံးခဲ့ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ မော်လမြိုင်မြို့မှာ တရက်အတွင်း လူသတ်မှု ၂ ခု ဖြစ်ခဲ့ပါတယ်။

ကြံခင်းမြို့နယ်ဦ အကောက်တောင်တဖက်ကမ်း၊ သောကြာဒူးကျေးရွာအနီးက ဧရာဝတီမြစ်စပ် ဒေသ(အခေါ်) သောကြာဒူးကမ်းခြေမှာ ဒီနေ့ ဧပြီ ၂၇ ရက် မနက် ၈ နာရီဝန်းကျင်က လူငယ် ၅ ယောက် ရေဆင်းချိုးရင် ၄ ယောက်ရေနစ် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

အသက် ၁၅ နှစ်အရွယ် မောင်လင်းလက်သာနဲ့ မောင်သော်ဇေယျာထွန်း၊ အသက် ၁၇ နှစ်အရွယ် မောင်သွင်ညီညီဇော်နဲ့ မောင်ဟိန်းစည်သူစိုးတို့ ၄ ယောက်ရေနစ်သေဆုံးခဲ့ပြီး မောင်မင်းခန့်ဆိုတဲ့ လူငယ် ၁ ယောက်ပဲ အသက်ရှင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ကြံခင်းမြို့နယ်ကမဟုတ်ဘဲ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာနေထိုင်သူတွေဖြစ်တယ် လို့ ဒေသခံတွေက ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ဒေသခံတယောက်က “မောင်လင်းလက်သာနဲ့ မောင်သော်ဇေယျာထွန်းက အင်ပင်မြို့၊ ကြံခင်းလမ်း၊ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်တယ်လို့သိရတယ်။ မောင်သွင်ညီညီဇော်နဲ့ မောင်ဟိန်းစည်သူစိုးက အင်ပင်မြို့၊ ကြံခင်းလမ်း၊ အမှတ် ၄ ရပ်ကွက်မှာနေတာ။ အခု ကလေးတွေရေနစ်တဲ့ နေရာက သင်္ကြန်တွင်းက ရေကစားဖို့ သက်ဆိုင်ရာက ဖွင့်ထားတဲ့နေရာပါ။ ဒါကို ကလေးတွေက ရေကစားရင်း ရေနစ်တဲ့ဘက်ရောက်သွားပြီး နစ်သွားတဲ့အခြေအနေပါ။ လက်ရှိ ကလေးတွေရဲ့အလောင်းတွေ အကုန်ဆယ်လို့ရပြီး သက်ဆိုင်ရာက လာစစ်ဆေးတာတွေ လုပ်နေတယ်” အုပ်ချုပ် ရေး အဖွဲ့နဲ့ နီးစပ်သူ ၁ ယောက်ကပြောပါတယ်။

ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချူပ်ရေးမှူးတွေက လာစစ်ဆေးခဲ့ပြီး လူငယ် ၄ ယောက်ရဲ့ အလောင်းတွေကို ကြံခင်းမြို့၊ ဆိပ်သာတိုက်နယ် ဆေးရုံမှာ စစ်ဆေးနေပြီး အင်ပင်မြို့ကို ပြန်လည်သယ်ယူဖို့ လုပ်နေတယ်လို့ဆိုပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကော့ဒွတ်ရွာက အသက် ၆၀ အရွယ် ဦးဖေအောင်ဟာ ဧပြီ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ သူ့ရဲ့ခြံတွင်းနေရာမှာ ဆိုင်ကယ်လုယက်ခံရပြီး လူပါအသတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “လူကိုသတ်သွားတာ။ မနေ့ညနေလောက်က သူ့ခြံမှာရှိနေတုန်း ဆိုင်ကယ်လုသွားတယ်။ လူကိုလည်လှီးပြီး သတ်ဖြတ်သွားတာပါ။ သွေးထွက်လွန်ပြီး နေအိမ်ရောက်မှ သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။

ဦးဖေအောင်ဟာ အေးအေးဆေးဆေးနေတတ်သူယောက်ဖြစ်ပြီး ဆိုင်ကယ်ယူ သတ်ဖြတ် သွားသူကိုတော့ မဖမ်းဆီးနိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့ မနက် ၇ နာရီလောက်ကလည်း မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်က လူငယ်သင်တန်းကျောင်း စာကြည်ခန်းထဲမှာ အသက် ၅၃ နှစ်အရွယ် ဒေါ်စန္ဒာဝင်းကို လည်ပင်းမှာ အရိုးအသွား ၈ လက်မလောက်ရှိတဲ့ ကော်ရိုးဘက်ကိုင်တပ် ကတ်ကြေးစိုက်လျက် အနေအထားနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

မွန်ပြည်နယ်ထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်လူသတ်မှုတွေ ပိုဖြစ်ပွားလာပြီး တရားခံတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိပါဘူး။

ဓာတ်ပုံ - ညီညီထက်နောက် (အင်ပင်) ဖေ့စ်ဘွတ်ခ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013