မန္တလေးတိုင်း၊ မတ္တရာမြို့မှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ ဦးဟာ ဧပြီ ၂၄ ရက် ဒီနေ့မနက်က လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီမနက် ၈ နာရီခွဲ၀န်းကျင်မှာ မတ္တရာမြို့ပေါ်က စူး-လက်ဖက်ရည်ဆိုင်တဆိုင်မှာ စစ်ကောင်စီရဲ့ မတ္တရာမြို့နယ်၊ မြို့နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ဟာ တယောက်တည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပစ်သတ်ခံရတာလို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ မတ္တရာမြို့ခံတဦးက``ဒီကောင်က မတ္တရာဇာတိဗျ။ ဒီမြို့ကိုပြန်ပြီး တာ၀န်ကျတာ ၄၊ ၅ လလောက်ဘဲရှိသေးတယ်။ ဆန်ရင်းနာနာဖွတ်ဆိုသလို သူရောက်မှ ဒီမြို့နယ်က ရွာတွေ မီးရှို့ခံရတာ ပိုများလာတယ်။ နာမည်တော့ မကောင်းလှဘူး´´ လို့ DVB ကိုပြောပါတယ်။
ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညနေပိုင်းအထိ မြို့အ၀င်အထွက်ဂိတ်တွေကိုပိတ်ကာ လုံခြုံရေးတင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၏။
နီးစပ်သူတဦးက “သူက အရပ်၀တ်နဲ့ လက်ဖက်ရည်ဆိုင်သွားထိုင်တာ။ သူ့မှာ သေနတ် အတို၊ အရှည် ၂ လက်လုံး ကားပေါ်မှာပါသွားတယ်။ အလစ်အငိုက်ခံလိုက်ရတာ။ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ နေရာမှာတင် ဆုံးသွားတယ်” ပြောပြပါတယ်။
သေဆုံးသူ ဗိုလ်မှူးသက်နိုင်စိုးရဲ့ နဖူးဖောက်ဝင် ဝဲဘက်ဂျိုစောင်း ဖောက်၀င်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက် ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့် ဖောက်ဝင် နောက်ကျောဖောက်ထွက်ဒဏ်ရာ ၂ ချက်တို့နဲ့ သေဆုံးသွားတာဖြစ်တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။
သေဆုံးသူ ဗိုလ်မှူးသက်နိုင်စိုး ဟာ DSA အပတ်စဉ် ၄၆ ကျောင်းဆင်းဖြစ်ပြီး မတ္တရာမြို့နယ်မှာ တာဝန်ပေးခံရတာ ၅ လ နီးပါးရှိပြီ ဖြစ်ပါတယ်။