Home
ဆောင်းပါး
အိန္ဒိယရွေးကောက်ပွဲနဲ့ ၂ ပတ်အတွင်း ဖျက်မရနိုင်တဲ့ မင်
DVB
·
April 19, 2024
Article_19042024

အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်ပြည်သူတဦးချင်း မဲပေးအပြီး အမှတ်အသားလုပ်ရာမှာ နှစ်ပတ်အတွင်း ဖျောက်ဖျက်လို့မရတဲ့ မင်တွေကို ၁၉၆၂ ခုနှစ်ကတည်းက အသုံးပြုလာခဲ့တာ ယနေ့အထိပါ။

ဒီမင်တွေကို ထုတ်လုပ်ခွင့်ရထားတဲ့ တခုတည်းသော စက်ရုံကတော့ နိုင်ငံတောင်ပိုင်း မိုင်ဆိုးမြို့က စက်ရုံတရုံ ဖြစ်ပါတယ်။

ဒီစက်ရုံက လုပ်သားတွေဟာ ကမ္ဘာ့အကြီးမားဆုံး ရွေးကောက်ပွဲမှာ အသုံးပြုမယ့် အလွယ်တကူ ပြန်ဖျက်လို့မရတဲ့ မင်ပုလင်း သန်းပေါင်းများစွာကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အချိန်မီထုတ်လုပ်ရေးအတွက် အားစိုက်လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

မိုင်ဆိုးသုတ်ဆေးနဲ့ အရောင်တင်ဆီကုမ္ပဏီ အရည်အသွေးထိန်းချုပ်ရေး မန်နေဂျာ ဗီရှားလက်က်ရှီကေက “၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အသုံးပြုဖို့အတွက် ၁၀ မီလီလီတာ ဆေးရည်ရှိတဲ့ ပုလင်းငယ်ပေါင်း ၂,၆၅၅,၀၀၀ ထုတ်လုပ်ပါတယ်။ ဒီအတွက် ဝန်ထမ်းအင်အား ၁၂၀ ငှားရမ်းအသုံးပြုထားပါတယ်။ ဆိုတော့ တရက်တရက်ကို ပုလင်းငယ် ၈၀,၀၀၀ လောက် ထုတ်လုပ်နေတာပါ။ ဖျောက်ဖျက်မရတဲ့မင် ထုတ်လုပ်မှုမှာ အသုံးပြုလို့ရတဲ့အထိ ရောက်အောင် စမ်းသပ်မှုအဆင့် သုံးဆင့်ရှိပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ဆေးလ်ဗားနိုက်ထရိတ်ဓာတ်ပေါင်းကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ မင်တမျိုးကို ရွေးကောက်ပွဲတွေမှာ သုံးစွဲလာတာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပါတယ်။ မဲအကြိမ်ရေ ပိုထည့်တာနဲ့ လိမ်လည်မဲထည့်တာတွေ မလုပ်နိုင်ဖို့အတွက် မဲပေးပြီးတဲ့ မဲဆန္ဒရှင်တွေရဲ့လက်မှာ အမှတ်အသားပြု သုတ်လိမ်းပေးတဲ့မင် ဖြစ်ပါတယ်။

၁၉၃၇ ခုနှစ်မှာ စတင်တည်ထောင်တဲ့ မိုင်ဆိုးသုတ်ဆေးနဲ့ အရောင်တင်ဆီကုမ္ပဏီဟာ ရွေးကောက်ပွဲမှာ အသုံးပြုတဲ့မင် ထုတ်လုပ်ဖို့အတွက် အိန္ဒိယအစိုးရက ခွင့်ပြုချက်ပေးထားတဲ့ တခုတည်းသော ပုဂ္ဂလိကကုမ္ပဏီ ဖြစ်ပါတယ်။

အရေပြားနဲ့ လက်သည်းခြေသည်းပေါ်မှာ သုတ်လိမ်းထားတဲ့ အဲဒီမင်ဟာ ခရမ်းရောင် စွန်းထင်းစေပြီး နေရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အခါ ရက်သတ္တနှစ်ပတ်အတွင်း ပြန်ဖျက်လို့ မရတဲ့မင် ဖြစ်ပါတယ်။

မိုင်ဆိုးသုတ်ဆေးနဲ့ အရောင်တင်ဆီကုမ္ပဏီ  ဦးဆောင်ညွှန်ကြားရေးမှူး  မိုဟာမက်အီဖန်က “ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်လိုက်တဲ့ နှုန်းထားက တပုလင်းကို အိန္ဒိယငွေကြေး ၁၇၄ ရူပီး (ဒေါ်လာ ၂ ဒသမ ၁၀) ဝန်းကျင်ဖြစ်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွေက ပေးဆောင်ရမယ့်နှုန်းထား ဖြစ်ပါတယ်။ ပြီးတော့ ဒီမဖျက်နိုင်တဲ့မင် ထုတ်လုပ်မှုအတွက် အဓိကကုန်ကြမ်းက ဆေးလ်ဗား နိုက်ထရိတ်ပါ။ မင်ထုတ်လုပ်မှု ကုန်ကျစရိတ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက အဓိကကုန်ကြမ်းဖြစ်တဲ့ ဆေးလ်ဗားနိုက်ထရိတ် ဝယ်ယူရေးအတွက် ကုန်ကျငွေဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီကုမ္ပဏီဟာ ဒီနှစ်ဆန်းကတည်းကစပြီး မဲပေးဖို့ စာရင်းပေးသွင်းထားတဲ့ အိန္ဒိယနိုင်ငံသား မဲဆန္ဒရှင် သန်း ၉၇၀ နီးပါး အသုံးပြုဖို့အတွက် မင်ပုလင်း ၂ ဒသ ၇ သန်းကို စံချိန်တင် ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပချိန်အမီ ထုတ်လုပ်မှုရည်မှန်းချက် ပြည့်မီဖို့အတွက် နေ့စဉ် ပုလင်းရေ ၈၀,၀၀၀ ထုတ်လုပ်တယ်လို့ ကုမ္ပဏီရဲ့ အရည်အသွေးထိန်းချုပ်ရေး မန်နေဂျာ ဗီရှားလက်က်ရှီကေက ဆိုပါတယ်။

ပုလင်းတလုံးတန်ဖိုး ၁၇၄ ရူပီး (ဒေါ်လာ ၂ ဒသမ ၁၀) ဆိုတာက အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်နှုန်းထားဖြစ်ပြီး တပုလင်းကို မဲဆန္ဒရှင် ၇၀၀ အတွက် အသုံးပြုနိုင်တယ်လို့ ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး မိုဟာမက်အီဖန်က ရှင်းပြပါတယ်။

တခြားနိုင်ငံအများအပြားကိုလည်း ရွေးကောက်ပွဲသုံးမင် ပေးပို့ရောင်းချနေတဲ့ မိုင်ဆိုးကုမ္ပဏီဟာ အာရှတိုက်နိုင်ငံတွေထဲက မလေးရှား၊ မော်လ်ဒိုက်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကိုလည်း ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Source/ Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013