Home
မြန်မာသတင်း
မြစ်ကြီးနားထောင်တွင်း အကျဉ်းသားများ ဆန္ဒပြ
DVB
·
April 19, 2024
MyitKyeeNarPrison_19042024

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ အကျဉ်းဦးစီးဘက်ကနေ အကြိမ်ရေများစွာ သေနတ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး စတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတရက်နေ့မှာ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၃,၃၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၄ ရာခိုင်နှုန်းသာ ပါဝင်ခဲ့ပါတယ်။

PPNM ရဲ့ လက်ရှိ ကနဦးကောက်ယူရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသား ၁၀၁ ယောက် လွတ်မြောက်ခဲ့ပြီး မြစ်ကြီးနားအကျဥ်း‌ထောင်က နိုင်ငံရေးအကျဉ်းသားတယောက် ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကနေ ဧပြီ ၁၇ ရက် ညပိုင်းမှာ ပြန်လည်ခေါ်ဆောင်သွားပြီး လက်ရှိထုတ်ပြန်တဲ့ အချိန်အထိ နေရပ်အိမ်ဆီ ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက လာရောက်ဖမ်းဆီးတာမှာ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့အတူ သူ့ရဲ့ဇနီး ဖြစ်သူနဲ့ KBC အဖွဲ့ဝင်တယောက်ကိုပါ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လတ်တလော ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ စစ်ကိုင်းတိုင်းထဲက ရွှေဘိုအကျဉ်းထောင်၊ ကသာထောင်၊ မုံရွာအကျဉ်းထောင်၊ ကလေးအကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်လာခဲ့ဘူးလို့လည်း PPNM အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း သူတို့ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို မတရားပုဒ်မတပ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်တာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013