Home
အာရှဒေသ
ပါကစ္စတန်နိုင်ငံ ၀ါဇီရီစ္စတန်စစ်မက်ဇုန်မှ လူ ၁ သန်း ထွက်ပြေး
DVB
·
September 12, 2014
604
ပါကစ္စတန်တပ်မတော်က တာလီဘန်တွေနဲ့ ပါကစ္စတန်လူမျိုးစု နေထိုင်ရာဒေသတွေက သူတို့ရဲ့မဟာမိတ်တွေကို ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေရပါတယ်။ အိုးပစ်အိမ်ပစ် ထွက်ပြေးရသူအများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး လမ်းတွေပိတ်၊ ကာဖျူးအမိန့်တွေ ထုတ်ထားတဲ့ကြားက ဗုံးဒဏ်ကို အန်တုရင်း နယ်ချင်းကပ်နေတဲ့ ဘန်နုခရိုင်ထဲကို ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။ [caption id="attachment_64810" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]မိုဟစ်အူလာရဲ့ တကိုယ်လုံး ချွေးအလိမ်းလိမ်း ဖုန်အထပ်ထပ်ကပ်နေပါတယ်။ ဒုတိယကလေး ကိုယ်ဝန်လွယ်ထားတဲ့ဇနီးသည်နဲ့အတူ ၀ါဇီရီစ္စတန်စစ်မက်ဇုန်ကနေ ထွက်ပြေး လာခဲ့တာပါ။ “၀ါဇီရီစ္စတန်မှာ ကာဖျူး ထုတ်ထားတယ်။ ကျနော်ဇနီးနဲ့ ၁ ရက်လောက်ခရီးနှင်ခဲ့ရတာ။ အဲ့အချိန်မှာ သူက ဗိုက်နာနေပြီ။ ဆေးကုသတဲ့ဆီ အချိန်မီ မရောက်တော့ ဗိုက်ထဲက ကလေးက လမ်းမှာပဲ သေသွားတယ်။ နေမကောင်းလို့ လမ်းမှာလဲနေတဲ့လူတွေ လမ်းပေါ်မှာတင် သေနေတဲ့သူတွေ အတော်များများတွေ့ခဲ့ရတယ်” လို့ မိုဟစ်အူလာက ပြောပါတယ်။ ဇွန်လလယ်ကစလို့ တာလီဘန်တွေကို အစိုးရက ထိုးစစ်ဆင်တဲ့အချိန်ကတည်းက အိုးအိမ်ပစ်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁ သန်းလောက်ရှိသွားပြီလို့ ခန့်မှန်းထားပါတယ်။ အဲထဲက မုတ်ဆိတ်အရှည် ဆံပင်အရှည်နဲ့ နိုအာခန်းက “ကျနော့်သမီး အမြွှာညီအစ်မ ၂ ယောက်ထဲမှာ တယောက်က ဆေးရုံသယ်သွားတုန်း လမ်းမှာတင် ဆုံးတယ်။ ၀ါဇီရီစ္စတန်မှာ ကာဖျူး ထုတ်ထားလို့လေ။ အမေလုပ်သူက ဒီလောက် အခြေအနေဆိုးတွေကြားကနေ သူ့သမီးကို ခြေလျင်ခေါ်သွားရတာ။ လမ်းမှာက ဆေးရုံ ဆေးခန်းမရှိတော့ သမီးလေး ဆုံးသွားတာပေါ့” လို့ ပြောပါတယ်။ အစိုးရက ဘန်နုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ယာယီစခန်းတွေ ထိုးပေးထားပေမယ့် အများစုက မြို့ထဲက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီမှာ တည်းခိုနေကြပါတယ်။ ဘန်နုမြို့ မိခင်နဲ့ ကလေးဆေးရုံက ဆရာဝန် မတ်တတ်ရှာဟင်းက လူနာတွေ ထပ်ထပ်တိုးလာလို့ မနည်းကို စီမံနေရတယ်လို့ ဆိုပါတယ်။ ''ကျမတို့ အများဆုံးကုသပေးနေရတာက ကလေးတွေမှာ ဖြစ်နေတဲ့ ချောင်းဆိုး၊ ၀မ်းပျက်နဲ့ အပူရှပ်တာတွေပါ။ သူတို့လေးတွေမှာ ခရီးကလည်း သိပ်ပန်းလွန်းတာကိုး။ ကိုယ်ဝန်သည်တွေ ဆိုရင် မခံမရပ်နိုင်အောင် ဗိုက်နာလာကြတာ။ ကျမတို့ဆီရောက်ဖို့ ခရီးက အဝေးကြီးပဲ။” ၀ါဇီရီစ္စတန်မြောက်ပိုင်းက တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးစစ်သွေးကြွတွေ ခိုလှုံရာနေရာပါ။ ဒီနေရာက တောင်ထူထပ်ပြီး တာလီဘန်စစ်သားတွေ မွေးထုတ်ရာနေရာတခု ဖြစ်ပါတယ်။ ခုဆိုရင် စစ်သွေးကြွအယောက် ၉၁၀ လောက် ရှင်းပစ်ပြီးပြီလို့ ပါကစ္စတန်တပ်မတော်က ပြောပါတယ်။ ဒီနယ်မြေကနေ စစ်သွေးကြွတွေ ထွတ်မသွားနိုင်အောင် စစ်တပ်က စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားပါတယ်။ ဒါပေမယ့် စစ်ဘေးဒုက္ခသည်တွေထဲမှာလည်း စစ်သွေးကြွတွေ ရောနေတယ်လို့ အမည်မဖော်လိုသူ စစ်သွေးကြွတဦးက ဆိုပါတယ်။ “၀ါဇီရီစ္စတန်မြို့အနှံ့ စစ်သွေးကြွတွေ သွားလာနေတာ မြင်နေရတယ်။ သူတို့က ကတုံးတုံး မုတ်ဆိတ်တွေ ရိတ်ပြီး ပြည်တွင်းဒုက္ခတွေလို နေနေကြတယ်လေ။ သူတို့က မြို့ထဲက အစိုးရ၀န်ထမ်းတွေနဲ့ ပြိုင်ဘက်တွေကို သတ်မှာပဲ။ ခုတော့ အစိုးရရဲ့ငွေကြေးထောက်ပံမှုကို ဒုက္ခသည် ဟန်ဆောင်ပြီး ယူနေကြတယ်။” ဒီစစ်ဆင်ရေးက ရည်မှန်းချက်အတိုင်း အောင်မြင်ပါ့မလားဆိုတာ မသဲကွဲသေးဘူးလို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။ ၀ါဇီရီစ္စတန်မြောက်ပိုင်းဟာ ပါကစ္စတန်တာလီဘန်တွေနဲ့ ဟတ်ခနီ ကွန်ရက်အဖွဲ့တွေ အပါအ၀င် လက်နက်ကိုင်တပ်ဖွဲ့ ကွန်ရက်ဖြန့်ကြက်ရာနေရာ ဖြစ်ပါတယ်။ ပါကစ္စတန်တာလီဘန်တွေဟာ ပါကစ္စတန်နိုင်ငံ မြို့တော်တွေထဲက အရပ်သား ပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့ အဓိကမြို့ကြီးတွေမှာ လုံခြုံရေးအစီအမံတွေ ချထားပြီးပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။ အာရှဒေသအစီအစဉ်အတွက် မူဒက်ဆာရှားက ပါကစ္စတန်နိုင်ငံ ဘန်နုမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013