ထိုင်းအာဏာပိုင်တွေဟာ သြဇာကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဘုရင်စော်ကားမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ဖို့ ရှိ၊ မရှိ ကိစ္စအပေါ် ကြားနာမှုကို နောက်လအထိ ရွှေ့ဆိုင်းလိုက်ကြောင်း တာဝန်ရှိသူတွေက ဧပြီ ၁၀ ရက်မှာ ပြောပါတယ်။
သက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လတ် ရှင်နာဝပ်ရဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ တော်ဝင်ဝါဒီစစ်တပ်ရဲ့ တိုင်ကြားချက်ဟာ ၂၀၁၅ ခုနှစ်က ပြည်ပမီဒီယာတွေကို သူ ပေးခဲ့တဲ့ အင်တာဗျူးတခုမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးမှု မပြီးပြတ်သေးတာကြောင့် လာမယ့်ကြားနာမှုကို မေ ၂၉ ရက်ကို ချိန်းဆိုထားကြောင်း ထိုင်းရှေ့နေချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဘီဂျရာဂူနာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စုံစမ်းရေးမှူးက နောက်ထပ် စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို တင်ပြခဲ့ပြီး အဲဒါတွေကလည်း ကိစ္စရပ်တိုင်းအတွက် မပြည့်စုံသေးပါဘူးလို့ ဘီဂျရာဂူနာက ဆိုပါတယ်။
ဒါကြောင့် ရလဒ်တွေ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် မပြီးမချင်း တော်ဝင်စော်ကားမှုနဲ့ ပတ်သက်တဲ့ တရားလွှတ်တော်ချုပ်ကို သဘောထားမှတ်ချက် ပေးနိုင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
မေ ၂၉ ရက်မှာ အမိန့်ထုတ်နိုင်မလားလို့ မေးရင် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ အပြည့်အစုံ လက်ခံရရှိခြင်း ရှိ၊ မရှိအပေါ် မူတည်ပါတယ်လို့လည်း ဆိုပါတယ်။
အသက် ၇၄ နှစ်ရှိ သက်ဆင်ဟာ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဘုရင့်အပေါ် သစ္စာစောင့်သိကြောင်း အကြိမ်ကြိမ် ကတိပြုခဲ့ပါတယ်။
Source/Photo-REUTERS/Athit Perawongmetha