ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်မှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီးနောက် ထောင်ဝင်စာတွေ့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဖျာပုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၁ ရက်က အမှုရင်ဆိုင်နေရဆဲ အချုပ်သားတဦးကို ထောင်အာဏာပိုင်တွေက အင်အားသုံးရိုက်နှက်တဲ့ ကိစ္စကစတင်ပြီး ဖျာပုံထောင်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာမှာ စစ်ကောင်စီတပ်နဲ့တွေရဲက အကျဉ်းထောင်တွင်းဝင်ရောက်ကာ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အကျဉ်းသား အယောက် ၅၀ ထက်မနည်း ဒဏ်ရာတွေရရှိခဲ့ပြီးနောက် ဧပြီ ၇ ရက်အထိ ထောင်ဝင်စာ တွေ့ခွင့်ကို ရက်အကန့်အသတ်မရှိပိတ်ထားတာလို့ ဆိုပါတယ်။
အဲ့ဒီ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ အပြင်းအထန်ဒဏ်ရာရရှိသူ အယောက် ၂၀ ထက်မနည်းရှိခဲ့တာနဲ့ ထပ်တိုးထောင်ဒဏ်ကျခံရသူ ၁၈ ဦးအထိရှိခဲ့တာကြောင့် အကျဉ်းသား မိသားစုတွေအနေနဲ့ ထောင်ဝင်စာတွေ့ခွင့်မရတဲ့အပေါ် စိုးရိမ်ပူနေကြတယ်လို့ ဆိုပါတယ်။
အကျဉ်းသားမိသားစုတွေနဲ့ နီးစပ်သူတဦးက “မိသားစုတွေဘက်က စိတ်ပူတော့လည်း ပူစရာပဲလေ ထောင်ထပ်ချခံရတယ်၊ ဒဏ်ရာတွေရရှိတယ်လို့ပဲ သိရပြီး တွေ့ခွင့်မရတော့ ယူကျုံးမရ ဖြစ်နေတာပေါ့။ အဲဒီနေ့ကတည်းက လုံးဝကို တွေ့ခွင့်မရတာ။ ၇ ရက်နေ့အထိ တွေ့ခွင့်ရဖို့ တင်ပြထားတဲ့သူတွေရှိတယ်လို့ သိရတယ်။ ထောင်အာဏာပိုင်တွေဘက်က တုံ့ပြန်ချက် မရဘူးတဲ့” လို့ ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုစည်သူ၊ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုဝေယံ၊ ကိုရှိုင်းညီညီ၊ ကိုမင်းသူ၊ ဦးစိုး၊ ကိုသုတဇံနဲ့ တခြားအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၈ ဦး ထက်မနည်းကို ဖျာပုံထောင်တွင်းတရားရုံးက ထောင်စည်းကမ်း ဥေပဒ -၂၂၄ အရဆိုပြီး ထပ်တိုးပြစ်ဒဏ် ထောင် ၆ လ စီချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖျာပုံအကျဉ်းထောင်ထဲက ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာပါဝင်တဲ့ အကျဉ်းသား ၁၁ ဦးကို ထောင်ပြောင်းမယ်လို့ဆိုကာ စစ်ကောင်စီတပ်က ခေါ်သွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။