မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက္ကူစက်ရုံနဲ့ မကွေးတိုင်း၊ မကွေးမြို့က ကော်စက်ရုံဝန်းထဲမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (၆၈) လမ်း၊ ၁၂၅ လမ်း×၁၂၆ လမ်းကြားရှိ စက္ကူစက်ရုံမှာ ဧပြီ ၇ ရက် မနက်အစောပိုင်း ၁ နာရီ ၅ မိနစ်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “လူနေအိမ်နဲ့တော့ မနီးဘူး။ ပတ်လည်က စက်ရုံတွေပါပဲ။ ဘေးချင်းကပ်လျက်ရှိတဲ့ ဂိုဒေါင်နှစ်လုံး ပါသွားတယ်။ စက္ကူဖြတ်စတွေရော စက္ကူတွေ ပါသွားတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ အလုပ်သမား တန်းလျားဘက်အထိ မကူးသွားဘူး၊ လောင်ပြီးတဲ့အထိ တော်တော်ကြာကြာ ငြှိမ်းလိုက်ရတယ်၊ မီးခိုးတွေက အူထွက်နေတာ”လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ပေ ၆၀ × ပေ ၁၀၀ ခန့်ရှိ စက္ကူဂိုထောင် အဆောက်အအုံ နှစ်လုံးနဲ့ သိုလှောင်ထားတဲ့ ကုန်ကြမ်းတွေ ပျက်စီးသွားခဲ့ပါတယ်။
လောင်စာအားကောင်းနေတာကြောင့် Level 1 ယာဉ်အုပ်စုတွေ ဆင့်ခေါ်ငြှိမ်းသတ်ခဲ့ကြရပြီး မနက် ၂ နာရီ ၄၃ မိနစ်လောက်မှာ မီးထိန်းနိုင်ကာ မနက် ၃ နာရီ ၃၃ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
ပျက်စီးတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တွေက စစ်ဆေးတွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပြီး မီးလောင်မှုအတွင်း လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ ဧပြီ ၁ ရက်နေ့က (ဈ) ရပ်ကွက်၊ ၆၅ လမ်းနဲ့ ၁၃၉ လမ်းမှာ စာရေးကိရိယာရောင်း၀ယ်ရေးဆိုင်ခန်းတွေ မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
မကွေးမြို့နယ်၊ သင်ကြားရေးဆေးရုံလမ်းက ကော်စက်ရုံဝင်းထဲမှာ ဧပြီ ၆ ရက် နေ့လယ် ၁ နာရီ မိနစ် ၁၅ လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
တောမီးရှို့ရာကနေ စုပုံထားတဲ့ ကော်ပစ္စည်းတွေကို မီးကူးစက်ခဲ့တာဖြစ်ပြီး မီးလောင်မှုနေရာကို မကွေးမြို့နယ်အတွင်းက မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ်တွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။
မကွေးမီးသတ်တပ်ဖွဲ့ဝင်တဦးက “အဟောင်းပစ္စည်း အရောင်းအဝယ် လုပ်တဲ့နေရာပါ။ တောမီးကနေ တဆင့်လောင်တာ။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပြီး မီးသတ်နဲ့ အရပ်ဘက် ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။
မကွေးမြို့နယ်မှာပဲ ဧပြီ ၄ ရက် ညက ပုထိုးရွာမှာ ထင်းမီးကနေ ကူးစက်ရာမှ လူနေအိမ် ၄ လုံးနဲ့ နွားတင်းကုတ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဓာတ်ပုံ - မြို့နယ်မီးသတ်များ