မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာမှာ မတ် ၃၁ ရက်က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးတဦးနဲ့ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်မရော၊ ဓမ္မသရွာကို မတ် ၃၁ ရက် မနက်ပိုင်းက ဂျိုင်းမြစ်ထဲမှာရှိတဲ့ စစ်သင်္ဘာနှစ်စီးက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ပါတယ်။
မီးရှို့ခံထားရတဲ့ ဓမ္မသရွာထဲကို မတ် ၃၁ ရက်က လူမှုကူညီရေးအဖွဲ့တွေ ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ ၅ လမ်းနဲ့ ၆ လမ်းကြားမှာရှိတဲ့ မီးလောင်ပြာကျနေတဲ့ နေအိမ်တခုထဲမှာ အသက် ၅၀ လောက်ရှိတဲ့ အမျိုးသားအလောင်းကို တွေ့ရှိခဲ့ပါတယ်။
စစ်ဘေးရှောင်ကူညီပေးနေသူတဦးက “ဓမ္မသရွာထဲမှာ တော်တော်များများ မရှိတော့ဘူး။ အိမ်စောင့်ဖို့ကျန်ခဲ့တဲ့ ရွာသားတချို့လောက်ပဲ ရှိတယ်။ လက်နက်ကြီးကလည်း ဆက်တိုက်ပစ်နေတာ။ ၃၁ ရက်နေ့ ကလေးတယောက် လက်နက်ကြီးစမှန်ပြီး သေတယ်။ အဲနေ့မှာပဲ မီးလောင်ထားတဲ့ အိမ်တခုရဲ့ အိမ်သာထဲမှာ လက်နက်ကြီးထိပြီးသေတဲ့ အမျိုးသားအလောင်းတခု တွေ့ရတယ်” လို့ ပြောပါတယ်။
အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ဓမ္မသရွာကို စစ်ကောင်စီက မတ် ၂၇ ရက်ကစပြီး မြေပြင်၊ လေကြောင်းနဲ့ ရေတပ်တို့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာရဲ့ ထက်ဝက်ခန့် မီးလောင်ပြာကျခဲ့သလို လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓမ္မသရွာသား ၆,၀၀၀ ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဂူတွေမှာ စစ်ဘေးရှောင်နေကြသလို ချောင်းဆုံ၊ မော်လမြိုင် မြို့တွေမှာလည်း စစ်ဘေးရှောင်နေရပြီး အကူအညီလည်း လိုအပ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
စစ်ကောင်စီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူတွေ၊ ပြည်ပရောက် မွန်ပြည်သူတွေ၊ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ မွန်ဖက်ဒရယ်ကောင်စီက တောင်းဆိုထားပါတယ်။