မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၅ ခုနှစ်တုန်းက ဖက်ဆစ်ဂျပန်ကို တနိုင်ငံလုံးက ပြည်သူတွေ လက်တွဲပါဝင်ခဲ့ကြတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို လက်နက်အားကိုးနဲ့ လုယူခဲ့ကြပြီး တပ်မတော်နေ့လို့ အမည်ပြောင်း မောင်ပိုင်စီးထားတဲ့ စစ်ဓားပြဂိုဏ်းဟာ မတ် ၂၇ ရက်ကို ၇၉ ကြိမ်မြောက် အရှက်သိက္ခာမဲ့စွာ ကျင်းပဖို့ စီစဉ်နေပြန်ပါတယ်။
စစ်ရှုံးဓားပြတွေ လုယူထားတဲ့ တော်လှန်ရေးနေ့ကို ကျင်းပလာရာမှာ တနှစ်ထက်တနှစ် ပြည်သူလူထုနဲ့ ကင်းကွာသထက် ကင်းကွာလာခဲ့ကြပါတယ်။ ဟိုးအရင်တုန်းက စစ်ဘီလူး မျက်နှာဖုံး ကျွတ်မကျခင်ထိ ပြည်သူတွေက လွတ်လပ်ရေးတိုက်ပွဲဝင်ရာမှာ ပါဝင်ခဲ့တဲ့ တပ်မတော်လို့ မှတ်ယူခဲ့ကြတာမို့ ပန်းကုံးတွေစွပ် ကြိုဆိုခဲ့ကြတာဟာ အခုတော့ ဒဏ္ဍာရီသဖွယ် ဖြစ်ခဲ့ရပါပြီ။ လူတောမတိုးရဲတော့တဲ့စစ်တပ်က ၇၉ နှစ်မြောက် ဓားပြတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဒီနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် ညနေပိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
လက်ရှိ စစ်အာဏာရှင်ထံ သစ္စာဆက်ခံပြီး ပြည်သူလူထုအပေါ် သစ္စာဖောက်လို့ နိုင်ငံတော်ကို ပုန်ကန်ရင်း ဘီလူးသဘက်တွေလို တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းစေအောင် ရက်စက်ကြမ်းကြုတ်စွာ စစ်ရာဇဝတ်မှု အထပ်ထပ်ကျူးလွန်နေတဲ့ လက်နက်ကိုင် ဓားပြတပ်ကို တူးတူးခါးခါး မုန်းတီးကြတာမို့ လူထုရဲ့ ကျောခိုင်းစွန့်ပစ်တာ ခံရရုံမက ကျိန်စာအတိုက်ခံနေရတာမို့ ပြည်သူ့မေတ္တာစူးရင်း ဒီနှစ်ဟာ စစ်ဓားပြတပ်ရဲ့ နောက်ဆုံး တပ်မတော်နေ့ဖြစ်မယ့် လက္ခဏာတွေ မြင်နေရပါပြီ။
ဒီလိုရေးရတာ အကြောင်းမဲ့မဟုတ်ပါဘူး။ ဘုရင်ရူး ဥစ္စာရူး မင်းအောင်လှိုင် ပြည်သူ့အာဏာ လုယူခဲ့တဲ့ သုံးနှစ်အတွင်းမှာ တပ်မတော်အမည်ခံ စစ်ဓားပြတပ် အခြေအနေဟာ ဗုန်းဗုန်းလဲတော့မယ့် အခြေအနေ ဆိုက်လာခဲ့တာ ပြည်တွင်းသာမက နိုင်ငံတကာကပါ မြင်တွေ့ သတိထားမိလာကြပါပြီ။ မကြာတော့တဲ့ အနာဂတ်တခုမှာ ပြည်သူလူထုရဲ့ ဒဏ်ခတ်ခြင်း ခံရမှာမို့ စစ်ဓားပြဂိုဏ်းဟာ သမိုင်းကားစင်ပေါ် ရောက်နေပြီလို့ ပြောနိုင်ပါတယ်။
တကယ်တော့ တိုက်တိုင်းရှုံးစစ်တပ်ဟာ တပ်မတော်နေ့ကို နိုင်ငံ့ဘဏ္ဍာတွေ ဖြုန်းတီးပြီး နှစ်စဉ်ကျင်းပရတာ အဓိကရည်ရွယ်ချက် သုံးခုရှိပါတယ်။ ပထမရည်ရွယ်ချက်က တိရစ္ဆာန်အရိုင်းတကောင်က သွားဖြဲပြ၊ လက်သည်းထုတ်ပြ၊ ဟိန်းဟောက်ပြသလို ရှိသမျှ လက်နက်ခဲယမ်း မီးကျောက်တွေထုတ်ပြ၊ လူအင်အားထုတ်ပြပြီး ပြည်သူလူထုကို ကြောက်အောင် ခြိမ်းခြောက်လိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
ဒုတိယရည်ရွယ်ချက်ကတော့ စစ်ဓားပြတပ်တွင်း စိတ်ဓာတ်ကျနေတာတွေ ပြန်တက်အောင်၊ ငါတို့မှာ လက်နက်တွေရှိတယ်၊ ငါတို့မှာ အင်အားရှိတယ်၊ ငါတို့ကို ပူးပေါင်းထောက်ခံကြဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ တတိယရည်ရွယ်ချက်က နိုင်ငံတကာ စစ်သံတမန်တွေကို ဖိတ်ကြားပြီး အင်အားတွေထုတ်ပြလို့ သူတို့သာ နိုင်ငံကို အုပ်ချုပ်နိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်၊ သူတို့ကိုသာ အသိအမှတ်ပြုစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
အပေါ်မှာရေးပြခဲ့တဲ့ စစ်ဓားပြတွေရဲ့ တပ်မတော်နေ့ ကျင်းပရခြင်း ရည်ရွယ်ချက်သုံးခုစလုံးဟာ အထမမြောက်ပါဘူး။ တင့်ကား၊ လေယာဥ်၊ ဒုံးပျံ လက်နက်တွေထုတ်ပြ ခြိမ်းခြောက်ပေမဲ့ ပြည်သူလူထုက မကြောက်တော့တဲ့အပြင် လက်နက်အားကိုးစစ်တပ် မရှိမှသာ လူတိုင်းဘဝ လုံခြုံအေးချမ်းမယ်ဆိုတာ အားလုံးက ဘဝပေးအသိနဲ့ အကြွင်းမဲ့ နားလည်ယုံကြည်ခဲ့ပြီ ဖြစ်လို့ပါပဲ။
ဒုတိယရည်ရွယ်ချက်ဖြစ်တဲ့ စစ်ဓားပြဂိုဏ်းသားတွေကို စိတ်ခွန်အားပေးလိုတဲ့ ရည်ရွယ်ချက်ကလည်း မအောင်မြင်ဘဲ စစ်ဗိုလ်စစ်သားတွေသာမက တပ်တွင်းမိသားစုတွေထဲ အထိ အဖတ်ဆယ်လို့ မရလောက်အောင် စိတ်ဓာတ်ပျက်ပြား စိတ်ဓာတ်ကျနေတာကို အားလုံးမြင်သာပါတယ်။ စစ်သွေးစစ်မာန်၊ စစ်တိုက်လိုစိတ် ကင်းမဲ့သွားတာမို့ ပြည်သူ့စစ်သား အဆင့်ကနေ လက်နက်ကိုင်ဓားပြအဆင့် လျော့ကျသွားတာမို့ လုမယ် ယက်မယ်၊ ခိုးမယ် ဝှက်မယ်၊ အကျင့်ပျက် လာဘ်စားမယ်၊ ဓားပြတိုက် မီးရှို့သတ်ဖြတ်တဲ့ အလုပ်တွေသာ လုပ်တတ်ပါတော့တယ်။
အာဏာလုယူခဲ့ပြီး ပြုလုပ်ခဲ့တဲ့ စစ်ဓားပြတပ်မတော်နေ့ အခမ်းအနားတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ရုပ်ပျက်ဆင်းပျက် ပြင်ဆင်ကျင်းပခဲ့ရတာကို တွေ့ရပါတယ်။ မနှစ်ကလုပ်ခဲ့တဲ့ ၇၈ နှစ်မြောက် စစ်ရေးပြအခမ်းအနားမှာ ၂၄ နာရီပတ်လုံး နိုင်ငံတဝန်းမှာ တိုက်ပွဲဧရိယာမှာရှိနေလို့ စစ်သားတွေ ရှေ့တန်းက မပြန်လာနိုင်တာရယ် ကျဆုံးမှုတွေ များပြားနေတဲ့အပြင် အရန်အင်အားထဲက ထုတ်နုတ်သုံးစွဲဖို့ ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အရန်အင်အားထဲက စစ်ဗိုလ်စစ်သားဆိုတာ သူခိုးဓားပြစိတ် ရင့်ထော်နေကြတာမို့ စားပေါက်ချောင်တဲ့ နေရာကနေ နေပူပူအောက် စစ်ရေးပြပွဲ တလတာလေ့ကျင့်ဖို့ မလာချင်ကြဘဲ မလိုက်ရအောင် အထက်အရာရှိကို သိန်းဆယ်ချီ လာဘ်ထိုး ရှောင်တိမ်းကြပါသတဲ့၊ အဲဒါနဲ့ အမျိုးသမီးသမီးစစ်သည် ရာထောင်ချီ ထုတ်သုံးခဲ့ကြရပါတယ်။
ဒါ့အပြင် ၂၀၂၃ ခု မတ် ၂၆ ရက် ညပိုင်းမှာ နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ စစ်ရေးပြကွင်းနဲ့ လေယာဉ်ကွင်းကို တော်လှန်ရေးအင်အားစုတွေရဲ့ ရှော့တိုက်ဒုံးလေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရတာမို့ စစ်ဓားပြခေါင်းဆောင် သူခိုး မဟာသရေစည်သူ မင်းအောင်လှိုင်တောင် ကြောက်ကြောက်နဲ့တက် မိန့်ခွန်းပြောခဲ့ရတာ ဖြစ်ပါတယ်။
တတိယရည်ရွယ်ချက်ဖြစ်တဲ့ ရှိတဲ့စစ်အင်အားကို ဖြစ်ညှစ်ပြသပြီး နိုင်ငံတကာ စစ်သံတမန်တွေရဲ့ အသိအမှတ်ပြုစေလိုတဲ့ ရည်ရွယ်ချက်ကလည်း အထမမြောက်ခဲ့ဘူး ဆိုတာကို အခုချိန်ထိ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးတာတွေ၊ သူတို့ကို အစိုးရအဖြစ် လူရာမသွင်းသေးတာတွေက သက်သေထူနေပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လွန်ခဲ့တဲ့ ၁၉၄၅ ခု မတ် ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက တိုင်းပြည်ရဲ့ အနီးဆုံးရန်သူဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေကို နိုင်ငံတဝန်းလုံးမှာ လက်တွဲညီညီ တော်လှန်မောင်းထုတ်ခဲ့ကြတာမို့ မတ် ၂၇ ရက်နေ့ကို ရဲရင့်ပြောင်မြောက်တဲ့ ပြည်သူတွေရဲ့ သမိုင်းကြောင်းကို ဂုဏ်ပြုဖို့အတွက် ဖက်ဆစ်တော်လှန်ရေးနေ့ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
အဲ့ဒါကို ဖက်ဆစ်သန္ဓေသွေး ကူးစက်ခံရတဲ့ စစ်ဗိုလ်တသိုက်ဖြစ်တဲ့ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့က အာဏာရူး ဗိုလ်နေဝင်းကို တပ်တွင်း ဆိုရှယ်လစ်ခေါင်းဆောင်အဖြစ် တင်ပြီး တပ်မတော်ကို လွှမ်းမိုးလာတဲ့ကာလ ၁၉၅၄ ခုနှစ်မှာ ပြည်သူလူထုရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို “တပ်မတော်နေ့” လို့ လုယူအမည်ပြောင်း မောင်ပိုင်စီးခဲ့ကြတာ ဒီနေ့ထိတိုင် ဖြစ်ပါတယ်။
ဒါပေမဲ့ ပြိုကွဲပျက်သုဉ်းဖို့ နောက်ဆုံးအချိန် ရောက်လာတာမို့ စစ်သားကောင်းဆိုတာ လုံးဝမကျန်တော့ဘဲ လူဆိုးလူယုတ်မာတွေ၊ မကောင်းဆိုးဝါးတွေ တစတစ စုဝေးလာရင်း တပ်မတော်အမည်ခံ ဓားပြဂိုဏ်းဟာ လက်ရှိအချိန်မှာ တငွေ့ငွေ့လောင်ကျွမ်းလို့ ပြာကျနေတဲ့ စစ်အမှိုက်ပုံကြီးနဲ့ တူလှပါတယ်။ ပြည်သူလူထုအပေါ် ခွင့်မလွှတ်အပ်တဲ့ စစ်ရာဇဝတ်မှုကြီးတွေ အထပ်ထပ် ကျူးလွန်ခဲ့ကြတာမို့ ထွက်ပေါက်အားလုံး ပိတ်သွားခဲ့ရင်း သွေးရူးသွေးတန်း ရှင်သန်လိုရှင်သန်ငြား ကြောက်ကန်ကန်နေပေမဲ့ တပြည်လုံးမှာ တိုက်တိုင်းရှုံး၊ တပ်ရင်းအလိုက်၊ ဗျူဟာအလိုက် လက်နက်ချ၊ အလံဖြူထောင် ထွက်ပြေးအညံ့ခံတာ ဆက်တိုက်ဖြစ်လာနေတာမို့ ပြိုလဲမှတ်ကို ရောက်ရှိနေတာ သေချာပါပြီ။ ဒါကြောင့် အခုလာမယ့် ၂၀၂၄ ခု မတ် ၂၇ ရက်ဟာ သမိုင်းကားစင်ပေါ်ရောက် စစ်ရှုံးဓားပြတပ်ရဲ့ နောက်ဆုံးတပ်မတော်နေ့ ဖြစ်မယ်ဆိုတာ အငြင်းပွားဖို့ မလိုအပ်တော့ပါကြောင်း။
မင်းကောင်းချစ်