Home
မြန်မာသတင်း
ဖားဆောင်း စစ်ဘေးရှောင်များကို စားနပ်ရိက္ခာ ထောက်ပံ့
DVB
·
March 25, 2024
HpaSaungIDP01_25032024

စစ်ဖြစ်ပွားနေတာ တလကျော်ရှိလာတဲ့ ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့မှာ စစ်ရှောင်လာရသူ ၁,၅၀၀ လောက်ဟာ အရေးပေါ် စစ်ဘေးတိမ်းရှောင်လာရတာဖြစ်ပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတာကြောင့် စစ်ရှောင်ကူညီသူတွေက သွားရောက်ကူညီ လှူဒါန်းခဲ့ပါတယ်။

မတ်လ ပထမပတ်ကတည်းက ဖားဆောင်းမြို့က စစ်တပ်တပ်စွဲထားတဲ့ တောင်ကုန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားလာတာကြောင့် မြို့ပေါ်တဝိုက်က ဒေသခံတွေဟာ အရေးပေါ် စစ်ရှောင်လာရတာကြောင့် သွားရောက်ကူညီခဲ့တာလို့ စစ်ရှောင်ကူညီသူတဉီးက ပြောပါတယ်။

သွားရောက်ကူညီသူတဦးဖြစ်တဲ့ စစ္စတာ စိမ့်စမ်းရေက “အဲက အသိတွေက ဒီမှာ စစ်ရှောင် ၁,၅၀၀ လောက် အကူအညီတွေ လိုနေတယ် ပြောတာနဲ့ သွားရောက်ကူခဲ့တာပါ။ လမ်းခရီး တော်တော်​ဝေးလံ ပင်ပန်းပေမဲ့ သူတို့ကိုပေးလိုက်ရတော့ တကယ့်အမောပြေပါပဲ။ တကယ်လည်း လိုအပ်နေတဲ့နေရာပါ” လို့ ‌ပြောပါတယ်။

ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ငါးခြောက်၊ အသားတုနဲ့ မုန့်တွေ၊ ကက်သလစ် ဘာသာဝင်တွေအတွက် စိပ်ပုတီးတွေ ပေးအပ်ခဲ့ပြီး သူတို့အနေနဲ့လည်း ကမန်းကတန်း စစ်ရှောင်လာရတာကြောင့် လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ စစ်ရှောင်စခန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

“အခုလိုလာမယ် မထင်ထားဘူး။ လိုအပ်တာတွေရတာ ကျေးဇူးတကယ်တင်ပါတယ်။ ဒီမှာက အဓိကက စားနပ်ရိက္ခာပါပဲ။ ရေကတော့ ချောင်းကရတာကိုပဲ ကျိုချက်ပြီး သောက်ရတယ်၊ သုံးရတယ်ပေါ့။ ဒီမှာက ဝါးပေါတော့ နေစရာတော့ နည်းနည်းအဆင်ပြေတယ်။ မိုးရွာရင်တော့ အခက်အခဲဖြစ်မယ်ထင်တယ်။ မိုးကာနဲ့ ကလိုရင်းတွေ ရရင်တော့ လိုချင်ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ကရင်နီပြည်နယ်မှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၂ သိန်းခွဲကျော်ဟာ စစ်ရှောင်နေကြရကာ ရေနဲ့ စားနပ်ရိက္ခာ ရှားပါးမှုတွေ ကြုံတွေ့နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013