အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းအတွက် ဒေါ်လာ သန်း ၃၀၀ တန် စစ်ဘက်ဆိုင်ရာ အကူအညီ ပေးရေးအစီအစဉ်သစ်ကို ပေးပို့မှာဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
ဒါဟာ ကွန်ဂရက်မှာ ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေ ကိယက်ဗ်အတွက် ထပ်လောင်း ရန်ပုံငွေတွေကို လနဲ့ချီ ပိတ်ဆို့ထားဆဲကာလအတောအတွင်း ပထမဆုံးလုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန်က “အမေရိကန်ဦးဆောင်တဲ့ မိတ်ဖက်ပေါင်း ၅၀ ကျော်ရှိတဲ့ မဟာမိတ်အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့အတူ ၂ နှစ်တာကာလအတွင်း ယူကရိန်းပြည်သူတွေဟာ သူတို့ကို ပျက်စီးစေတဲ့ ရန်သူကို မတုန်မလှုပ် ဆန့်ကျင်ခဲ့ကြပေမဲ့ သူတို့က ပံ့ပိုးကူညီမှုတွေကို အရေးပေါ် လိုအပ်နေတယ်” လို့ ပြောပါတယ်။
ရုရှားတပ်တွေ ချီတက်လာပြီး ပစ်ခတ်မှုလုပ်တဲ့အခါ ယူကရိန်းမှာ ပြန်လည်ပစ်ခတ်ဖို့ ခဲယမ်းတွေ လုံလုံလောက်လောက်မရှိလို့ နယ်မြေလည်း ကျရှုံးရပြီး အသက်တွေလည်း ကျဆုံးရတဲ့အပြင် ဒါဟာ အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့ကို ဗျူဟာမြောက် ကျရှုံးရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် ယူကရိန်းရဲ့ အရေးပါတဲ့ လိုအပ်ချက်တချို့ကို ဖြေရှင်းပေးဖို့ ဒေါ်လာ ဘီလီယံ ၃၀၀ တန်တဲ့ လက်နက်နဲ့ ပစ္စည်းကိရိယာ လုံခြုံရေးအကူအညီ အရေးပေါ်အစီအစဉ်ကို ကြေညာလိုက်တာဖြစ်ကြောင်း ဆူလီဗန်က ပြောပါတယ်။
ဒီရန်ပုံငွေဟာ ပင်တဂွန်စာချုပ်တွေကနေ မထင်မှတ်ပဲ ကုန်ကျစရိတ် သက်သာထားတဲ့ အထဲကနေ ရရှိတာဖြစ်ပြီး ရွေ့လျားမှုမြင့် အမြောက်ဒုံးပျံစနစ် (ဟိုင်းမားစ်) တွေအတွက် အမြောက်ကျည်တွေနဲ့ ခဲယမ်းမီးကျောက်တွေမှာ အသုံးပြုမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြောပါတယ်။
မနှစ်က ယူကရိန်းကို လက်နက်တွေ ပေးပို့တုန်းက အမေရိကန်သိုလှောင်ရုံတွေမှာ အဲဒီလက်နက်တွေ ပြန်ဖြည့်ထားဖို့ ဆိုတဲ့ စာချုပ်တွေ ချုပ်ဆိုထားခဲ့ပြီး အဲဒီစာချုပ်တွေအတွက် ဘတ်ဂျက်ချထားပြီးသား ဖြစ်တာကြောင့် လုံလောက်တဲ့ ငွေကြေးပမာဏ ရှိနေတယ်လို့လည်း ပြောဆိုသွားပါတယ်။
Source/Photo-REUTERS/Oleksandr Ratushniak