TNLA ထိန်းချုပ်မြို့နယ်တွေဘက်ကို စစ်ကောင်စီက တပ်အင်အား အများအပြား တိုးချဲ့လာပြီး စစ်ရေးလှုပ်ရှားလာပေမဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)အနေနဲ့ ဟိုင်ဂင်သဘောတူညီချက်တွေကို စပြီးချိုးဖောက်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ရာနဲ့ချီတဲ့ စစ်ကောင်စီရဲ့တပ်တွေဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဘက်မှာ တပ်အင်အား ဖြည့်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့အပေါ် TNLA ဘက်ကတော့ စောင့်ကြည့်နေပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်သလားဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား သဘောတူထားတဲ့ ဟိုင်ဂင် သဘောတူညီချက်တွေကို TNLA ဘက်က အပြည့်အဝ လိုက်နာဆောင်ရွက်နေပြီး အဲဒီစာချုပ်ပါ သဘောတူညီချက်တွေကို စပြီးချိုးဖောက်သွားမှာ မဟုတ်ဘူးလို့လည်း TNLA ဘက်ကပြောပါတယ်။
လောက်ကိုင်မှာ စစ်ရှုံးလာတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တချို့ အပါအဝင် စစ်အင်အား အများအပြားဟာ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့တွေရှိနေတဲ့ ကျောက်မဲ၊ သီပေါနဲ့ နောင်ချို ဘက်တွေမှာ တပ်အင်အားဖြည့်နေတာလို့ ဒေသခံတချို့နဲ့ စစ်ရေးလေ့လာသုံးသပ်သူတချို့က ပြောပါတယ်။
အခုလို စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကြောင့် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်မှုရှိနေကြပါတယ်။
ဒါပေမဲ့ TNLA နဲ့ စစ်ကောင်စီကြား သဘောတူညညီထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ဟာ အဲဒီနှစ်ဖက်စလုံးပေါ်မှာ ဩဇာရှိတဲ့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ထားတာကြောင့် အလွယ်တကူ တိုက်ပွဲတွေက ပြန်ဖြစ်ဖို့ ခက်တယ်လို့ အဲဒီနှစ်ဖက်စလုံးနဲ့ နီးစပ်တဲ့ စစ်ရေးလေ့လာသုံးသပ်သူတဦးက မှတ်ချက်ပြုပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ TNLA သိမ်းပိုက်ထားပြီးသား မြို့နယ်တွေထဲမှာမဟုတ်ဘဲ ပြည်ထောင်စုကားလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းနယ်မြေတွေမှာ တပ်အင်အားတိုးချဲ့လာတာလို့ တအာင်းဒေသတွင်း တိုင်းရင်းသားအရေးလေ့လာသူ ဆိုဒါန်းက ပြောပါတယ်။
TNLAနဲ့ စစ်ကောင်စီကြား သဘောတူညီချက်တွေဟာ စစ်ကောင်စီဘက်က စပြီး မချိုးဖောက်ရင်တော့ တိုက်ပွဲတွေက ဖြစ်လာနိုင်စရာမရှိဘူးလို့ တအာင်းဒေသတွင်း တိုင်းရင်းသားအရေးလေ့လာသူ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ စစ်ရေးလေ့လာသုံးသပ်သူ တယောက်ကတော့ စစ်ကောင်စီဘက်က အခုလိုမျိုး ကျောက်မဲ၊ သီပေါနဲ့ နောင်ချိုမြို့တွေဘက်ကို စစ်အင်အား တိုးချဲ့နေတာဟာ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ရှိတဲ့ ကျောက်မဲမြို့ကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာမှာကို ကြိုတင်ပြင်ဆင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။