Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဆီဆိုင်မြို့ခံများ မိသားစုလိုက် ထိုင်းသို့ပြောင်းရွှေ့၊ နန်းပန်တွင် PNA က အဓမ္မ အခွန်ကောက်ခံ
DVB
·
March 12, 2024
431972351_1849664832128753_6576153311597559883_n

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းမှာ တလကျော်ကြာ တိုက်ပွဲဖြစ်ပွားတဲ့အတွက် မြို့ခံတွေဟာ စားဝတ်နေရေး ခက်ခဲလာပြီး ထိုင်းနိုင်ငံကို မိသားစုလိုက် ပြောင်းရွှေ့ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

စစ်ဘေးတိမ်းရှောင်နေတဲ့ ကာလအတွင်း စားနပ်ရိက္ခာ‌ထောက်ပံ့မှု မရရှိတာ၊ ရေရှည်အတွက် အလုပ်အကိုင် မရှိတာနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို အများဆုံး သွားရောက်ကြတာပါ။

ဆီဆိုင်မြို့ခံ အမျိုးသမီးတဦးက “အိမ်လည်းမရှိတော့ဘူး၊ မီးလောင်လို့ အကုန်ပြာကျသွားတယ်။ ပြီးတော့ စစ်ပွဲက ဘယ်အချိန်မှပြီးမလဲ မပြောနိုင်ဘူး။ အရွယ်ကောင်းတဲ့ လူငယ်တွေ အမျိုးသားတွေကိုလည်း PNA က စစ်သားခေါ်လိုက်၊ စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်လိုက်နဲ့ဆိုတော့ ကျမတို့မိသားစု ၉ ယောက်လုံး ထိုင်းသွားလိုက်တယ်။ အမျိုးတော့ရှိတာပေါ့၊ ဒီမှာရောက်လာတော့လည်း အလုပ်မရှိဘူး၊ အပြင်လည်း မထွက်ရဲဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်ကာလပြီးရင် အမျိုးသားတွေကို စစ်မှုထမ်းခေါ်ဖို့ စီစဉ်ထားတဲ့အတွက် အခုကာလထဲမှာ သွားရောက်သူတွေ ပိုများတယ်လို့ ခရီးလမ်းကြောင်း စီစဉ်ပေးသူတဦးက ဆိုပါတယ်။

ဆီဆိုင်မြို့ နောင်လုံကျေးရွာနေ အမျိုးသမီးတဦးက “အသက်မပြည့်သေးလည်း သွားကြတယ်။ ထိုင်းကို တာချီလိတ်ဘက်ကနေ သွားကြတာ။ ပွဲစားနဲ့သွားတယ်၊ တယောက်ကို ၁၀ သိန်းပေးရတယ်။ အပျိုတွေရော၊ အအိုတွေရော၊ တခါသွားရင် ၁၀-၂၀ အဲ့လိုမျိုးသွားကြတယ်။ နေ့တိုင်းသွားကြတယ်။ ပြီးတော့ ကိုယ့်တရွာတည်း မဟုတ်ဘူးလေ၊ ဟိုရွာ ဒီရွာ ကိုယ့်အသိနဲ့ကိုယ် သွားကြတယ်” လို့ ပြောပါတယ်။

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပြီးနောက် တရားမဝင်နည်းနဲ့ သွားရောက်သူ ၃၀၀ ကျော်ရှိလာပြီး ထိုင်းနိုင်ငံတွင်းမှာ အလုပ်အကိုင်မရဘဲ အသိဆွေမျိုးတွေအိမ်မှာ လနဲ့ချီ သောင်တင်နေတာတွေလည်း ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ ညောင်ရွှေမြို့နယ်၊ နန်းပန်ဒေသ၊ သရက်စင် ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် PNA က အခွန်အမျိုးမျိုးကောက်ခံတာကြောင့် ဒေသခံတွေ အခက်ခဲ ဖြစ်နေကြတယ်လို့ ရွာခံတဦးက ပြောပါတယ်။

PNA က ရွာသူကြီးမှတဆင့် မတ် ၁၀ ရက်မှာ လာရောက်ကောက်ခိုင်းကာ လကုန်အပြီး ပေးဆောင်ရမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ 

"ခုက ကြံဆိုလည်း စျေးမရှိဘူး။ အရင်းတောင်ပြန်မရပါဘူး။ ကုန်စည်အမျိုးမျိုးလည်း စျေးတက်လို့ ပြည်သူခက်ခဲနေချိန် ခေတ်ပျက်ချိန် သူတို့က မတရား အနိုင်ကျင့်နေတာ။ မထည့်ရင်လည်း ပစ္စည်းသိမ်းမယ်၊ အိမ်ဖြိုမယ်ဆိုပြီးလည်း ခြိမ်းခြောက်သေးတယ်" လို့ ရွာခံ တဦးက ပြောပါတယ်။

ထွန်စက်ကို ၅ သိန်း၊ ကုန်တင်ကား ၂ သိန်း၊ အိမ်စီးကား ၁ သိန်း၊ ကြံဖိုရှိသောအိမ်ကို ၁ သိန်းကောက်ခံတဲ့အပြင် ရွာတွင်းမှာလည်း တအိမ် ၂ သောင်း ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာအတွင်းရှိ လူငယ်အမျိုးသားများကို သူတို့ ပြည်သူ့စစ်ထဲ စစ်မှုထမ်းဖို့ အတင်းအဓမ္မ တောင်းနေတယ်လို့ ရွာခံ နောက်တဦးက ပြောပါတယ်။ 

"သူတို့က လူအတင်းတောင်းတော့ လူငယ်တွေ ရွာထဲမှာတောင် မနေရဲတော့ဘူး။ အိမ်မှာလည်း မအိပ်ရဲကြဘူး။ သရက်စင်ရွာ တရွာကို ဒီလကုန် လူ ၄ ယောက် ပေးရမယ်လို့လည်း ပြောထားတယ်" လို့ ပြောပါတယ်။

သရက်စင်ကျေးရွာဟာ အင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးအများစု နေထိုင်ကြပြီး ကြံ၊ ပြောင်း၊ နေကြာ အဓိက စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013