Home
နိုင်ငံတကာ
ပျားပိတုန်းများတွင် အတုယူ သင်ယူနိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
DVB
·
March 12, 2024
bee world 1232024

ပျားပိတုန်းတွေဟာ ရှုပ်ထွေးတဲ့လုပ်ဆောင်ချက်တွေမှာ ကျွမ်းကျင်အောင် တကောင်နဲ့ တကောင် သင်ကြားပေးနိုင်ပြီး လူသားတွေသာ စွမ်းနိုင်တယ်လို့ ထင်ခဲ့ကြတဲ့ တခြားသူထံကနေ လေ့လာ၊ အတုယူ သင်ယူမှုအဆင့်တခုအထိ ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပျားပိတုန်းတွေဟာ ပြဿနာဖြေရှင်းဖို့ သင်ယူနိုင်စွမ်းရှိပြီး သူတို့သိရှိထားတဲ့ အသိပညာကို တခြားသူကို လက်ဆင့်ကမ်းပေးနိုင်တယ်ဆိုတာ ကွင်းမေရီတက္ကသိုလ်က စမ်းသပ်လေ့လာမှု တခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီအပြုအမူကို အင်းဆက်ပိုးမွှားတွေမှာ တွေ့ရှိတာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ Nature ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။

ပျားပိတုန်းယဉ်ကျေးမှုဆိုတာမျိုး ရှိတယ်ဆိုတာရဲ့ သက်သေဖြစ်တယ်လို့လည်း သုတေသနပညာရှင်တွေက ပြောပါတယ်။

စမ်းသပ်မှုမှာ သေတ္တာတခုထဲမှာ ဆုလာဘ်အဖြစ် သကြားရည်ကို ထည့်ပြီး စမ်းတာ ဖြစ်ပါတယ်။

ပျားပိတုန်းတွေအနေနဲ့ အဆင့်နှစ်ဆင့်ပါ ပဟေဠိကို ဖြေရှင်းနိုင်မှသာ သကြားရည်ကို သောက်သုံးခွင့်ရမှာ ဖြစ်ပါတယ်။

သုတေသနလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာ အဲလစ်ဘရစ်ဂျက်စ်က  “ဒါက ပျားပိတုန်းတွေအတွက် အရမ်းခက်တဲ့ကိစ္စပါ” လို့ ဆိုပါတယ်။

ပျားပိတုန်းတွေဟာ အနီရောင်လီဗာကို ကာဆီးထားတဲ့ အပြာရောင်လီဘာကို အရင်တွန်းရမှာ ဖြစ်ပါတယ်။ ပြီးမှ အနီရောင်လီဘာကို တွန်းတဲ့အခါကျမှ သကြားရေ သောက်သုံးနိုင်မှာပါ။

ဒီပဟေဠိက ပျားပိတုန်းတွေ သူတို့ဘာသာ ဖြေရှင်းဖို့ အရမ်းခက်တဲ့အတွက် ပထမဆင့်နဲ့ ဒုတိယဆင့်အတွက် သီးခြားဆုချတဲ့နည်းနဲ့ တချို့ပျားပိတုန်းတွေကို အရင်လေ့ကျင့်ပေးပါတယ်။

အဲဒီလိုလေ့ကျင့်ထားတဲ့ ပျားတွေကို ဒီပဟေဠိ တခါမှ မမြင်ဘူးတဲ့ ပျားပိတုန်းတွေနဲ့ တွဲပေးပြီး ပထမအဆင့်အတွက် ဆုချတဲ့ဟာကို ပြန်ဖြုတ်လိုက်ပါတယ်။

လေ့ကျင့်မထားတဲ့ တချို့ပျားတွေဟာ လေ့ကျင့်ထားတဲ့ပျားတွေ ပဟေဠိဖြေရှင်းတာကို ကြည့်ပြီး သင်ယူနိုင်တဲ့အတွက် ပထမအဆင့်အတွက် ဆုလာဘ်မရတဲ့တိုင် ပဟေဠိကို ဖြေရှင်းနိုင်သွားတာကို တွေ့ရပါတယ်။

ပျားပိတုန်းတွေ အချင်းချင်း သင်ကြားပေးတဲ့ အပြုအမူဟာ သူတို့ကိုယ်တိုင် သိနားလည်တာထက် ပိုရှုပ်ထွေးနက်နဲတယ် ဆိုတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

တိရစ္ဆာန်ကမ္ဘာမှာလည်း အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်တဲ့ ယဉ်ကျေးမှုပုံစံတမျိုး ရှိတယ်ဆိုတာရဲ့ အထောက်အထား ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက သုံးသပ်ပါတယ်။

ပါမောက္ခ လားစ်ချစ်ကာက “လူသူမရှိတဲ့ ကျွန်းတကျွန်းမှာ ကလေးတွေကို ပစ်ချထားကြည့်တယ်လို့ စိတ်ကူးယဉ်ကြည့်ပါ။ သူတို့ ကံကောင်းထောက်မပြီး အသက်ရှင်ကောင်း ရှင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်တော့မှ စာရေးတတ်၊ ဖတ်တတ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်မျိုးဆက်ဆီကနေ သင်ယူဖို့ လိုအပ်လို့ပါ” လို့ ဆိုပါတယ်။

“ဒီလို အသိပညာ လက်ဆင့်ကမ်းရယူမှုဟာ လူသားမျိုးနွယ်မှာပဲရှိတဲ့ အရာလို့ တွေးခဲ့ကြပါတယ်။ လူသားမှာပဲ တခြားသူဆီက အတုယူသင်ယူနိုင်တဲ့ ရှုပ်ထွေးနက်နဲတဲ့ အပြုအမူရှိတယ်ဆိုတဲ့ သမားရိုးကျအမြင်ကို အခုလေ့လာမှုက စိန်ခေါ်လိုက်သလိုပါပဲ” လို့ လားစ်ချစ်ကာက ဆိုပါတယ်။

တခြားလေ့လာမှုတခုမှာလည်း ချင်ပန်ဇီတွေဟာ တခြားသူကနေ လေ့လာ၊ အတုယူသင်ယူနိုင်မှုကနေ သုံးဆင့်ပဟေဠိကို ဖြေရှင်းဖို့ သင်ယူနိုင်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Photo-wikimedia

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013