Home
မြန်မာသတင်း
အင်းစိန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ခဲ့သည့် ကြည့်မြင်တိုင် ငမျိုးနှင့်အဖွဲ့ကို ဖမ်းမိ
DVB
·
March 7, 2024
KyitMyinDaing Nga Myo_07032024

အင်းစိန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ခဲ့တဲ့ ကြည့်မြင်တိုင်လူမိုက် ငမျိုး အပါအဝင် ၉ ယောက်ကို စစ်ကိုင်းမြို့မှာ ရှောင်တိမ်းနေစဥ် စစ်ကောင်စီတပ်က မတ်လ ၆ ရက်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး၊ ပုဗ္ဗာရုံကျောင်းအတွင်းမှာ မနေ့ နေ့လယ် ၁၂ နာရီက ဖမ်းမိခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဘုရားတည်မယ်ဆိုပြီး ရောက်လာတာ၊ ရဲနဲ့ ဂေါပကနဲ့ ဖမ်းပြီး သတင်းပေးတာတွေ ဘာတွေ လုပ်တာ၊ ပြည်သူ့စစ်တွေက တပ်ကိုအကြောင်းကြားလို့ စစ်တပ်က ဝင်ဖမ်းတာ၊ ကိုးယောက်လုံး မိတယ်၊ လက်နက်တွေလည်း မိတယ်။”

ဖမ်းမိသူတွေကတော့ ရဲမျိုးသိန်း(ခ)ငမျိုး၊ အောင်ကျော်ကြား(ခ)ကျော်ကြီး၊ ဟိန်းထက်အောင်(ခ)ခေါင်းကြီး၊ အောင်မြတ်မင်း(ခ)အောင်ကြီး၊ တင်မြင့်ထွေး(ခ) အောင်လေးကျော်ဆန်းလင်း (ခ) သံမဏိ၊ မျိုးမင်းနိုင် (ခ) အရှည်ကြီးနဲ့ ဇော်မင်းဦး (ခ) တွတ်ပီတို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ထွက်ပြေးဖို့လုပ်တာ၊ စစ်တပ်က ပစ်ပြီးတော့ဖမ်းတာ၊ ခြောက်လှန့်ရုံပဲ ပစ်တာ၊ ဘုရားလာတည်တယ် ပြောတာ ဓားရှည် ဓားမြှောင် ၄၂ လက် ပါတယ်။ ရန်ကုန်ကို လွှဲပေးဖို့ လုပ်နေတယ်။”

အင်းစိန်နဲ့ ရွှေပြည်သာလူမိုက် ကျော်ဝင်းစိန်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် ည ၁၂ နာရီက ငမျိုးနဲ့အဖွဲ့က သေနတ်နဲ့ပစ်ခတ်ကာ ဓားနဲ့ခုတ်သတ်ခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခင်းဖြစ်တဲ့နေ့က ကြည့်မြင်တိုင်က အောင်ကြီးတို့အဖွဲ့က လင်မယားနှစ်ယောက်ကို ပြန်ပေးဆွဲတာ၊ လှော်ကားရဲစခန်းရော ကြည့်မြင်တိုင်ရဲစခန်းရော အမှုမဖွင့်လို့ လူမိုက် ကျော်ဝင်းစိန်ကို အကူအညီတောင်းလို့ သွားကူညီရင်း အသတ်ခံရတာ။”

ကြည့်မြင်တိုင်ငမျိုး (ခ) ရဲမျိုးသိန်းဟာ ၂၀၁၂ ခုနှစ်က မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက်မှာ ကျော်ကျော်မင်း ဆိုသူကို အုပ်စုလိုက် ဓားနဲ့ခုတ်သတ်ခဲ့တဲ့ မျက်နှာဖုံးစွပ်အမှုမှ တရားခံပြေးတဦး ဖြစ်ပါတယ်။

ဖမ်းမိတဲ့တရားခံတွေကို လတ်တလောမှာ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးဖို့ စီစဥ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024