စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေအတွက်ကတော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာပါ။
နိုင်ငံတဝန်းမှာတော့ စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၄,၆၄၄ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၅၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၂၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၀၆၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၅ ရက်နေ့အထိ ၅ ရက်တာအတွင်း နိုင်ငံတဝန်း အကြမ်းဖက် စစ်အုပ်စုကြောင့် သေဆုံးသူ ၁၁ ယောက်ရှိပြီး သူတို့အားလုံးဟာ အမျိုးသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်းက ၁၀ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ပြီး အကြောင်းအရင်းအနေနဲ့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်ဟာ ၉ ယောက်နဲ့ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။
မတ် ၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့နယ်၊ မင်းတဲကျေးရွာမှာ အခြေချတပ်စွဲပြီး ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မုံရွာမြို့နယ်၊ ဆုံကုန်းကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေ ဖြစ်ကြတဲ့ ဦးထွန်းလှအောင်နဲ့ ဦးမင်းသူတို့ကို အကြောင်းမဲ့ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။