Home
နိုင်ငံတကာ
တရုတ် စစ်ရေးအသုံးစရိတ် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးသုံးမည်
DVB
·
March 5, 2024
Chinese Military_05032024

တရုတ်နိုင်ငံရဲ့ တနှစ်တာ ကာကွယ်ရေးအသုံးစရိတ်ကို အခုနှစ်မှာ မနှစ်ကထက် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးသုံးသွားမှာဖြစ်တယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

ဒီနှစ်အတွက် တိုင်းပြည်စီးပွားရေးတိုးတက်မှု မျှော်မှန်းချက် ၅ ရာခိုင်နှုန်းဝန်းကျင်ပဲ မှန်းထားပြီး အခုနှစ်ပိုင်းတွေမှာ တိုးတက်မှုနှုန်း နှေးလာပေမဲ့ စစ်ရေးအသုံးစရိတ်ကိုတော့ နှစ်စဉ် ၇ ရာခိုင်နှုန်းဝန်းကျင် တိုးသုံးနေတာ သုံးနှစ်ဆက်ရှိပြီ ဖြစ်ပါတယ်။

မတ်လ ၅ ရက် မနက်ပိုင်း တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှာ ဘတ်ဂျက်အစီအစဉ်ကို ကြေညာသွားဖို့ရှိပြီး ကာကွယ်ရေးအသုံးစရိတ်ဟာ ၂၀၂၄ ဘတ်ဂျက်နှစ်အတွက် ယွမ် ၁ ဒသမ ၆၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၃၂ ဘီလီယံ) ရှိလာမှာဖြစ်ပါတယ်။

စစ်ရေးအသုံးစရိတ်မှာ တရုတ်ထက်များတာ အမေရိကန်ပဲ ရှိပါတော့တယ်။ အနောက်ကမ္ဘာနဲ့သာမက ထိုင်ဝမ်နဲ့ ဆက်ဆံရေး တင်းမာလာချိန်၊ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာလည်း ပိုင်နက်အငြင်းပွားနေကြချိန်မှာ တရုတ်က စစ်အင်အားကောင်းအောင် တောက်လျှောက်ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) နဲ့ ကြည့်ရင်တော့ တရုတ်စစ်ရေးအသုံးစရိတ်ဟာ ဂျီဒီပီရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိပါတယ်။

အမေရိကန်က ဂျီဒီပီရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းသုံးပြီး နေတိုးအဖွဲ့ဝင်တွေအတွက် လမ်းညွှန်ချက်က ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းအထိ သုံးဖို့ သတ်မှတ်ထားတာပါ။

မြန်မာနိုင်ငံမှာတောင် စစ်ရေးအသုံးစရိတ်ဟာ ၂၀၂၂ မှာ ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကမ္ဘာ့ဘဏ်အချက်အလက်တွေက ဖော်ပြပါတယ်။

Source/Photo-REUTERS/Jason Lee

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013