Home
မြန်မာသတင်း
ကမာဝက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အချို့ ဖမ်းဆီးခံရ၊ ရေးချောင်းဖျားတွင် ၂ လကြာ အင်တာနက် ဖြတ်တောက်ခံရ
DVB
·
March 4, 2024
KaMarWat People Arm_04032024

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ စိန်တောင်ရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင် ဦးပန်းကို လက်နက်တွေနဲ့အတူ မတ် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ စစ်တပ် ထောက်ခံတဲ့သူတွေဆီကနေ သိရပါတယ်။

ဦးပန်းကို ပြည်သူ့စစ်အဖွဲ့အတွက် ထုတ်ပေးထားတဲ့ စတင်းဂန်း ၁ လက်၊ ရိုင်ဖယ် ၅ လက်နဲ့ ကျည် ၂၀၀ တောင့်တို့နဲ့အတူ ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

မတ် ၂ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်လောက်ကလည်း ကမာဝက်မြို့၊ ကော့ပိထော်ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်  ဦးကင်ဘန်းနဲ့ ဒုတိယခေါင်းဆောင် ဦးငြိမ်းဦးတို့ကိုလည်း နေအိမ်မှာ ရှိနေစဉ်  ရိုင်ဖယ် ၉ လက်၊ ကျည်အိမ် ၉ ခု၊ ကျည် ၁၅ တောင့်နဲ့အတူ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) နဲ့ နီးစပ်တဲ့ အမျိုးသမီး ၃ ဦးကို မတ် ၁ ရက်ညမှာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အခုလို ပြည်သူ့စစ်တွေကို ဖမ်းဆီးနေတာလို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် နွေဦးတော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားဖို့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီကနေ ဖေဖော်ဝါရီလလယ်အတွင်းက ခွဲထွက်ခဲ့တာပါ။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသမှာ အင်တာနက်ဖြတ်တောက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“အင်တာနက်လိုင်းက ပြီးခဲ့တဲ့ ၂၀၂၄ နှစ်အစပိုင်းကတည်းက လိုင်းတွေ ဘာလိုင်းမှ သုံးမရဘူး။ လိုင်းကရလိုက် ပြန်ကျလိုက် ဖုန်းဘေလ်သာ ကုန်သွားတယ်။ ကြည့်လို့လည်းမရဘူး။ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံ့အရေး၊ စီးပွားရေးတွေကအစ လူမှုရေးတွေပါ ထိခိုက်လာစေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အင်တာနက်လိုင်း ဖြတ်တောက်ထားသလို တာဝါတိုင်တွေက စက်သုံးဆီ မဖြည့်ပေး မလည်ပတ်နိုင်တဲ့ညတွေမှာလည်း အင်တာနက်လိုင်း ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးချောင်းဖျားဒေသက ကျေးရွာပေါင်း ၂၀ ကျော် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာလို့ ဆိုပါတယ်။

ရေးချောင်းဖျားဒေသဟာ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားနယ်မြေ ဖြစ်တာကြောင့် အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024