ဂါဇာကမ်းမြောင်က အခြေအနေတွေကို ဆွေးနွေးဖို့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တော် ရိယာ့ဒ်မှာ ကျင်းပတဲ့ ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ရဲ့ ၁၅၉ ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးမှာ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး စာမာရှုခရီလည်း မတ်လ ၃ ရက်က ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဂါဇာက အခြေအနေတွေအတွက် အဖြေရှာဖို့ လိုနေပြီလို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ရှုခရီကရော ကာတာဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် မိုဟာမဒ် ဘင် အဗ်ဒူရာမန် အယ်လ်ထာနီကပါ အလေးပေး ပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်းအရေးမှာ အတည်အတံ့ နိုင်ငံရေးအဖြေရှာမယ့် လမ်းကြောင်းဆီ ချီတက်မှသာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဉ်းနိုင်လိမ့်မယ်လို့ ရှုခရီက မိန့်ခွန်းအတွင်း ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က စတဲ့ အစ္စရေးရဲ့ထိုးစစ်ကြောင့် ပါလက်စတိုင်း အယောက် ၃၀,၄၁၀ ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၇၂,၀၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၃ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။
Source/Photo-Reuters