ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် မနက် ၇ နာရီက မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းကနေ မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ကို ၁၂၀ မမ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးဟာ မင်းတပ်မြို့နယ် လှေးကောင်းကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေ့စားအလုပ်လုပ်နေတဲ့ အသက် ၁၂ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ် ယောကျ်ားလေး ၂ ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးထိမှန်မှုကြောင့် လှေးကောင်းကျေးရွာက လူနေအိမ် ၁ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့ခံတဦးက “ဒဏ်ရာရတဲ့သူတွေက အသက်တော့မစိုးရိမ်ရဘူး။ မင်းတပ်မြို့နယ်ထဲက ဆေးခန်းမှာ ဆေးကုသမှု ခံယူနေကြတယ်။ သူတို့က ရွာထဲ ဝဥခင်းတူး အငှားလိုက်ရင်း ရမ်းထုကြတဲ့အချိန် ခံလိုက်ရတာ။ တယောက်က လှေးကောင်းက၊ တယောက်က ဘေးရွာက” လို့ ပြောပါတယ်။
မင်းတပ်မြို့ ၂၇၄ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေပြီး စစ်ကောင်စီတပ်သားတွေက မြို့ခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။