ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသား တယောက် သေဆုံးပြီး နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရပါတယ်။
ဖားကန့် စစ်တပ်ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မှော်ဝမ်းကြီးကျေးရွာကို ကျရောက်ပြီး အသက် ၆၀ ကျော် အမျိုးသား တယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒေသခံအမျိုးသားဦးက “လက်နက်ကြီးနဲ့ ပစ်နေတာကတော့ မနက် ၄ နာရီလောက်ကတည်းက ပစ်နေတာ။ တာမခံ ဘက်ကလည်း ပစ်တယ်။ ဖားကန့်ဘက်ကလည်း ပစ်တယ်။ မနက် ၁၀ နာရီလောက် မှော်ဝမ်းကြီးကို လက်နက်ကြီး ကျည်ကျပြီး အမျိုးသား တဦးသေဆုံးတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မှော်ဝမ်းကြီးကျေးရွာက အသက် ၆၀ ကျော် အရွယ် ဦးကျော်ထွန်းဟာ ဝမ်းဗိုက်ရင်ဘတ်မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ဆိုင်းတောင် ကျေးရွာက နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
တာမခံကျေးရွာက ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖေဖေါ်ဝါရီ ၂၇ မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက် မီးရှို့ ရှင်းလင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးကောင်း-ကာမိုင်းလမ်းဆုံ ၈ မိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မိုးကောင်းမြို့ဘက်ကလာတဲ့ အင်အား ၅၀ လောက်ရှိ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
"မနက် ၈ နာရီလောက် စစ်တပ် အင်အား ၅၀ လောက် ၈ မိုင်ကျေးရွာဘက်ကို စစ်ကြောင်း ထိုးလာတယ်။ ပစ်ခတ်မှုဖြစ်တာ ၈ မိုင်ကျေးရွာထိပ်မှာ ပစ်တာ။ နှစ်ဘက် ပစ်ခတ်မှု ဖြစ်တာကတော့ သိပ်မကြာဘူး။ စစ်တပ်ဘက်ကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာပဲ။”
တိုက်ပွဲ ဖြစ်ပွားပြီးနောက် ကာမိုင်း စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ၈ မိုင်ကျေးရွာနဲ့ လဝါးကျေးရွာတို့မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဒေသခံ အမျိုးသား တဦးက"၈မိုင်ကျေးရွာက လူနေအိမ်တွေ ဆိုင်ခန်းတွေနားကျတယ်။ ထိခိုက်မှုတော့ ကြီးကြီးမားမား မရှိဘူး။ လဝါးကျေးရွာဘက်ကိုလည်း နှစ်ကြိမ် ပစ်တာ စားသောက်ဆိုင်တန်းဘက်ကို ကျတယ်။ လူနေအိမ် သုံးလုံးထိခိုက် ပျက်စီးတယ်။ ဝက် သုံးကောင်လောက်လည်း လက်နက်ကြီး ကျည်စမှန်လို့ ထိခိုက်ဒဏ်ရာ ရသွားတယ်။ လူတွေကတော့ ထိခိုက်မှု မရှိဘူး "လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကာမိုင်းဗျူဟာကုန်းကနေ ကာမိုင်း လက်ဝါးလမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသား တဦး လက်နက်ကြီးကျည် ထိမှန်ပြီး ပေါင်မှာ ထိခိုက် ဒဏ်ရာ ရှိခဲ့ပါသေးတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖေဖေါ်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက အုပ်ချုပ်ရေးမှူး တယောက်နဲ့ ဆယ်အိမ်မှူးတယောက်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက် ဖမ်းဆီးသွားပါတယ်။
လုံးခင်းကျေးရွာအုပ်စု မလောင်ကျေးရွာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတို့ကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်ပစ်ဖောက်ပြီး အိမ်စီးကားနဲ့ လာရောက် ဖမ်းဆီးသွားတာလို့ ရွာသားက ပြောပါတယ်။
"နေ့လည် ၂ နာရီလောက်က လန်ခရူဇာကားနဲ့ ရောက်လာတာ။ သေနတ်တွေ ဖောက်ပြီး အုပ်ချုပ်ရေးမှူးကို ဖမ်းတယ်။ အုပ်ချုပ်ရေးမှူးနဲ့ အတူ ဆယ်အိမ်မှူး တဦးလည်း အဖမ်းခံရတယ်။ ဆယ်အိမ်မှူးကိုတော့ လမ်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်။ ဘာကြောင့် ဖမ်းလဲဆိုတာတော့ မသိဘူး။”
အုပ်ချုပ်ရေးမှူးကိုတော့ဘယ်နေရာမှာ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိကြသေးပါဘူး။
ဖားကန့်မြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇွန်လပိုင်းက ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ၂၀၂၂ ခုနှစ် မေလပိုင်းမှာ မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသား လေးဦးကို အမည်မသိ သေနတ်သမားအဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာ တချို့မှာ အုပ်ချုပ်ရေးမှူး ကင်းမဲ့နေပါတယ်။