မြန်မာ-ထိုင်း အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး မဲဆောက်ဘက်ခြမ်းမှာ ဖေဖော်ဝါရီ ၂၇ ရက်ညက မြန်မာနိုင်ငံသားတဦးအား လက်နက်၊ ကျည်တွေနဲ့အတူ ထိုင်းလုံခြုံရေးတပ်သားတွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးခံရသူဟာ ရှမ်းပြည်နယ်ကဖြစ်ကာ အလုပ်အကိုင်ရှားပါးမှုကြောင့် မြဝတီမြို့မှာ လာရောက်အလုပ်လုပ်နေတာ ၇ နှစ် ရှိပြီဖြစ်ပြီး လက်နက်နဲ့ ကျည်တွေကို မြဝတီကနေ ၁ လက် ဘတ်ငွေ ၃၀၀၀၀ နဲ့ ဝယ်လာတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်၊ ကျည်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားကို ထိုင်းလုံခြုံရေးတပ်က တရားစွဲဆို အရေးယူနိုင်ဖို့ မဲဆောက်ရဲတပ်ဖွဲ့ကို လွှဲပြောင်းလိုက်ပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံ မြဝတီခရိုင်ကနေ ထိုင်းဘက်ခြမ်းကို တရားမဝင် နယ်စပ်ဖြတ်ကျော်တာနဲ့ မူးယစ်ဆေး၊ လက်နက် သယ်ဆောင်တာတွေကို တားဆီးနှိမ်နင်းနိုင်ဖို့ နယ်စပ်လုံခြုံရေးအတွက် ဒေသကွပ်ကဲရေးတပ်ခွဲတွေကို တိုးမြှင့်ထားတယ်လို့ သိရပါတယ်။