မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာခံတဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနက် ၃ နာရီက ဝင်းတာပန်စခန်းက ထွက်လာပြီး လေးကေဘက်ကို တက်သွားတဲ့ အစပ်ကြားမှာ စောချဝေါ ဟင်းသီးဟင်းရွက်ရှာ ဝါးခုတ်နေတုန်း သူတို့နဲ့တိုးပြီး ပစ်ခံရတာ” လို့ ဒေသခံတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး KNU က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာလည်း ဝင်းတာပန်စခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်းတာပန်ရွာထဲ ဝင်ရောက်ကာ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးပြီး အိမ်အတွင်းရှိ ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေသလို ဒေသခံတွေကို ဖမ်းဆီးပစ်ခတ်တာ၊ နေအိမ်တွေကို ဖျက်ဆီးတာနဲ့ ပစ္စည်းတွေ ယူဆောင်တာတွေ ပြုလုပ်နေပါတယ်။