ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မြန်မာနယ်စပ်ဘက်ကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၈ သန်းကျော် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ မူးယစ်ဆေးဝါး အချီကြီးဝင်ရောက်လာမယ်လို့ ကြိုတင်သတင်းရထားလို့ အမှတ် ၂ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမှတ် ၃ နယ်ခြားစောင့်တပ်တွေ ပါတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ လုံခြုံရေး စောင့်ကြပ်စစ်ဆေးစဉ် ဖေဖော်ဝါရီ ၂၆ ရက် ဒီမနက် ၄ နာရီ မိနစ် ၄၀ လောက်က ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ် မိုင်းငိုင်းအုပ်စု သုံးခွလမ်းဆုံမှာ လယ်ယာထွက် သီးနှံတွေ အပြည့်တင်ဆောင်လာတဲ့ ဟိုင်းလပ်ကား တစီးကို စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ သီးနှံတွေကြားထဲမှာ ရေညှိစိမ်းရောင် အိတ်ပေါင်း ၄၆ အိတ် သိုဝှက် သယ်ဆောင်လာပြီး အထဲမှာတော့ စိတ်ကြွဆေးတွေ တွေ့ရှိရတယ်လို့ မူးယစ်နှိမ်နင်းရေး ရဲတပ် ဖွဲ့ဝင်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါအိတ်တွေထဲမှာ စိတ်ကြွဆေးပြားပေါင်း စုစုပေါင်း ၇,၉၂၀,၀၀၀ ကိုတွေ့ရှိရပြီး အသက် ၂၄ နှစ်ရွယ်ရှိ ယာဉ်မောင်း နိုင်းကျီရဖတ် ဆိုသူ ထိုင်းမှတ်ပုံတင်ကိုင်ဆောင်သူ လီစူးအမျိုးသားကို ဖမ်းဆီးထားတယ်။ အဲဒီမူးယစ်ဆေးတွေဟာ တာချီလိတ်-မယ်ဆိုင်ဘက်ကနေ တင်ဆောင်လာတာလို့ ဆိုပါတယ်။
ချင်းမိုင်ခရိုင်ထဲမှာ ဖေဖော်ဝါရီ ၂၅ ရက် မနက်စောစောကလည်း စိတ်ကြွဆေးပြား ၆ သိန်းကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ထိုင်းစစ်တပ် အမှတ် ၃ ခြေလျင်တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းအဖွဲ့တွေဟာ မနေ့မနက် ၅ နာရီက ချင်းဒေါင်းမြို့နယ် မိုင်းနအုပ်စုထဲမှာ လုံခြုံရေး စောင့်ကြပ်စစ်ဆေးစဉ် နောင်ချိုကျေးရွာအနီး ဝင်လာတဲ့ ငွေရောင်ဟိုင်းလပ်စ်ကား တစီးကို မသင်္ကာလို့ စစ်ဆေးခဲ့တယ်။
စစ်ဆေးရာမှာ ယာဉ်မောင်းထိုင်ခုံအနောက်ဘက်မှာ အိတ် ၆ လုံး တင်ဆောင်လာပြီး အဲဒီအိတ်ထဲကနေ ၉၉၉ အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား တအိတ်ကို ၁ သိန်းစီ တွေ့ရှိတာကြောင်း စုစုပေါင်း ၆ သိန်းဖမ်းမိတာလို့ ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ ယာဉ်မောင်း နိုင်းအားချာဖာ့နဲ့ အဖော်အဖြစ်လိုက်လာသူ နိုင်းချိုင်းဝပ်တို့ကို ဖမ်းဆီးထားပြီး ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ နယ်ခြားစောင့်တပ် တာဝန်ရှိသူက ပြောပါတယ်။
Source/Photo-Maesaipress