မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ် ရေပိုင်နက်မှာ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဆီလန်ဂေါပြည်နယ်၊ ဆန်ဂွတ်မြို့နဲ့ ရေမိုင် ၄ မိုင်ကျော်အကွာမှာ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁ နာရီလောက်က ကင်းလှည့်နေတဲ့ မလေးကမ်းခြေစောင့်တပ်ဖွဲ့က သစ်သားလှေတစီးကို တွေ့ပြီး ရပ်ခိုင်းခဲ့ပေမဲ့ မရပ်ဘဲ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရပါတယ်။
လှေပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေး ၁ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးတို့ လိုက်ပါလာပြီး သူတို့မှာ အထောက်အထား စာရွက်စာတမ်း မပါရှိဘူးလို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၁ ဦး အပါအဝင် ၂၄ ဦးကို မလေးရေကြောင်းစုံစမ်းစစ်ဆေးရေး အရာရှိထံ လွှဲပြောင်းပေးပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ လူကုန်ကူးမှု ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ မလေးကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ ရေပိုင်နက်နဲ့ ကလမ်ရေပိုင်နက်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကပဲ အထောက်အထားမဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။