Home
မြန်မာသတင်း
ပတ်စ်ပို့စာအုပ် နယ်ကျော်လုပ်ခွင့်မရှိတော့၊ စမတ်ကတ် နံပါတ် ယူလာရမည်
DVB
·
February 26, 2024
Passport_26022024

မြန်မာနိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်ကို နယ်ကျော်လုပ်ခွင့်မရှိတော့ဘဲ စာအုပ် လျှောက်ထားတဲ့အချိန် Smart card နံပါတ်ကိုပါ တပါတည်းယူဆောင်လာရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပတ်စ်ပို့စာအုပ် လုပ်မယ့်သူတွေကို ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်မဟုတ်ရင် ပတ်စ်ပို့စာအုပ် လုပ်ပေးမှာမဟုတ်ဘဲ ကြိုတင်စာရင်းပေးသွင်းပြီးရင်တောင် ကိုယ့်ပြည်နယ် တိုင်းဒေသတွေမှာသာ  ပြန်လည် ဘွတ်ကင်ယူလျှောက်ထားရမယ်လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားရေးရုံး ဝက်ဆိုက်မှာ  ကြေညာထားပါတယ်။

နယ်ကျော်လျှောက်ထားခွင့် ကန့်သတ်တာအပြင် စမတ်ကတ်ပါ UID နံပါတ် (Unique Identification Number) ကွန်ပျူတာစနစ်ထဲ ရေးသွင်းထားတဲ့ နံပါတ်ကိုပါ ယူဆောင်လာရမယ်လို့ ရန်ကုန် ပတ်စ်ပို့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရန်ကုန်က တနိုင်ငံလုံး ဘယ်ပုံစံ ၆၆ ပဲ ဖြစ်ဖြစ် အကုန်လက်ခံတယ်။ နယ်တွေကပဲ ရန်ကုန်ကို လက်မခံတာ။ ပြောချင်တာက အမြန်တင်ချင်တဲ့သူတွေက နယ်ကို တင်ကြတာလေ၊ အဲဒါကျ စမတ်ကတ်ကိုပြောတာလေ။ အခု မြန်မာနိုင်ငံမှာက စမတ်ကတ်တွေ လုပ်ပေးနေတာ အဲဒီစမတ်ကတ်မှာ နံပါတ်တွေ ပါတယ်လေ။ အခုက အဲဒီစမတ်ကတ်ကို ယူခဲ့မှရတာ၊ မှတ်ပုံတင်နဲ့တင် မရတော့ဘူး။ မှတ်ပုံတင်ကကျတော့ အဖေနာမည် မှားတာတို့၊ အမေနာမည် မှားတာတို့၊ မွေးသက္ကရာဇ်မှားတာတို့ ပုံစံ ၆၆ ထဲမှာတမျိုး သူတို့ကွန်ပျူတာထဲမှာတမျိုး အဲလိုတွေ ဖြစ်နေလို့လေ။”

သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ ပတ်စ်ပို့စာအုပ် လုပ်မယ့်သူက  ပုံစံ ၆၆ အိမ်ထောင်စု လူဦးရေ သန်းခေါင်စာရင်းမှာ ၆ လသက်တမ်းရှိနေဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

UID နံပါတ်ဆိုတာက မှတ်ပုံတင်ပါ အချက်အလက်တွေကို ကွန်ပျူတာစနစ်ထဲ ရေးသွင်းထားတဲ့ စမတ်ကတ်ပြားပေါ်ပါတဲ့ နံပါတ်ဖြစ်တယ်လို့ ပြည်သူတွေက ပြောပါတယ်။

အခုလို အချက်အလက် စုဆောင်းပြီး စည်းမျဉ်းစည်းကမ်းအသစ်တွေ ထပ်ထုတ်တာကြောင့် ပြည်တွင်းထဲက လူငယ်တွေကို ပိုအကြပ်ရိုက်စေတယ်လို့ ပတ်စ်ပို့စာအုပ် လုပ်ဖို့ ကြိုးစားနေတဲ့ လူငယ်တယောက်က ပြောပါတယ်။

“သူတို့က ပြောရရင်တော့ ချောင်ပိတ်ရိုက်လိုက်တဲ့ သဘောပဲပေါ့။ ရန်ကုန်က သူတွေက ပတ်စ်ပို့လုပ်ချင်ရင် စမတ်ကတ်ကိုလုပ်။  စမတ်ကတ်ကိုရမှ ဒီပတ်စပို့ကိုရမယ်။ ဒါပေမဲ့ သူတို့က စမတ်ကတ်လုပ်စေချင်တာက အဲဒီလူရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်ချင်တဲ့အတွက်ကြောင့် ဒီစမတ်ကတ် ဆိုတာကလည်း ကိုယ့်အပေါ်ကို အများကြီး ဆိုးကျိုးရှိစေတယ်ပေါ့နော် သူတို့က ဒီကိစ္စ ဒီရည်ရွယ်ချက်ကြောင့်မို့လို့ပဲ စမတ်လုပ်ဖို့ တိုက်တွန်းနေတယ်ပေါ့။ အဲဒီတော့ ပတ်စပို့လုပ်ရတာ တော်တော်လေး ခက်ခဲသွားမယ် ထင်တယ်။ စည်းမျဉ်းအသစ်ကြောင့်ဆိုရင်တော့ ဒီနိုင်ငံက လူငယ်တွေကို ပိတ်မိအောင် လုပ်လိုက်တယ်လို့ပဲ ထင်တယ်။”

ကြေညာချက်ပါ အချက်အလက်တွေနဲ့ပတ်သက်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရမှာတော့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ စမတ်ကတ်လုပ်ဖို့  ရန်ကုန်ရဲ့ မြို့နယ် ရပ်ကွက် ကျေးရွာတွေမှာ လိုက်လံ နှိုးဆော်နေတာတွေလည်း ရှိနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရေးရုံး ဝက်ဆိုက်ရဲ့  ဖေဖော်ဝါရီ ၂၄ရက်  ထုတ်ပြန်ချက်မှာတော့ နယ်ကျော်လုပ်ခွင့်မရှိတာနဲ့ UID နံပါတ် ယူဆောင်လာဖို့အပြင် ၂၆ ရက်ကစပြီး မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူးစတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွေမှာ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသတို့ကနေ အွန်လိုင်း ဘွတ်ကင်စနစ်နဲ့ ပတ်စပို့စာအုပ်အတွက် ရက်ချိန်း တင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013