ချင်းပြည်နယ်တောင်ပိုင်း မရာနယ်မြေမှာ Chinland Council တပ်တွေပါဝင်တဲ့ CDF-မရာနဲ့ MDF (မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့) အကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၅,၀၀၀ ကျော် စစ်ဒဏ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၄ ရက်ကစလို့ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မရာနယ်မြေအတွင်းရှိ ကျေးရွာ ၈ ရွာက ပြည်သူတွေဟာ တိုက်ပွဲအကြား အခက်အခဲတွေ ကြုံနေရတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း လက်နက်ငယ်နဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ့နေအိမ် ၁၄ အိမ် ပျက်စီးကာ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေကျေပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စာသင်ကျောင်းတွေ ပိတ်ထားရပြီး ပြည်သူတွေ ဆေးဝါးမလုံလောက်မှု ပြဿနာနဲ့ ကြုံနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးတာဝန်ခံက “နယ်စပ်ကလည်း ပိတ်ထားတော့ ငွေရှိရင်တောင် ပစ္စည်းတွေ လောလောဆယ် ဝယ်လို့မရတဲ့ အနေအထား ဖြစ်နေပါတယ်။ လက်ရှိ သူတို့ ထိုးစစ်ဆင်တဲ့အတွက် ကျောင်းတွေလည်း ပိတ်ထားရတဲ့အပြင် မကျန်းမာတဲ့သူတွေ၊ မိအိုဖအိုတွေနဲ့ ကလေးငယ်တွေအတွက် ဆေးဝါး မလုံလောက်မှုတွေ ရှိနေပါတယ်။ ကျနော်တို့တောင်ပေါ်က အခု တောင်ယာခုတ်ရမယ့်ရာသီ ရောက်နေပြီဆိုတော့ ဒီကာလမှာ တောင်ယာမလုပ်နိုင်ရင် နောက်နှစ်အထိပါ အကျိုးသက်ရောက်မှုရှိပါတယ်” လို့ ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေအကြား ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ CDF-Mara ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။