ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားပြီး မူလတန်း ကျောင်းဆရာတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ဝိုင်းမော်-ဝါရှောင်လမ်းမကြီးပေါ်မှာ ဆိုင်ကယ်မောင်းနှင်သူ ကျောင်းဆရာက ရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်ကို အနောက်ကဝင်တိုက်ပြီး အခင်းဖြစ်ရာနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညနေ ၅ နာရီလောက်က KBC ဘုရားကျောင်းနားမှာ ဖြစ်သွားတာ။ ရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်ကို အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်တာ။ အဲဒီနားမှာပဲ ဇက်ကျိုးပြီး သေတယ်။ ပွဲချင်းပြီးပဲ။”
ယာဉ်တိုက်မှုကြောင့် အသက် ၂၉ နှစ်အရွယ် မူလတန်းကျောင်းဆရာ ဦးချစ်အောင်ဟာ အခင်းဖြစ်ရာနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တဲ့အတွက် ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက ဝိုင်းမော် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်ကလည်း မြစ်ကြီးနား ဝိုင်းမော်သွားကားလမ်းမှာ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတယောက် ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။