Home
မြန်မာသတင်း
ရေတာရှည်တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့်ဗုံးကြဲ၊ ကလေး ၂ ဦး အပါအဝင် ၄ ဦးသေဆုံး
DVB
·
February 21, 2024
428625298_350095394687090_364324380404953357_n copy

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားကလေးငယ် ၂ ယောက်အပါအဝင် ၄ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ရေတာရှည်မြို့နယ်  မြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာတွေကို စစ်တပ်က ရဟတ်ယာဥ်နဲ့ ၈၁ မမ ဗုံးသီး ၁၂ လုံးလောက် ကြဲချပြီး ပွိုင့် ၅ စက်လက်နဲ့  ပစ်ခတ်ခဲ့တာလို့ ဒေါင်းမင်းသားညီနောင်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"အိမ်မှာ ရှိနေတဲ့အချိန်တွေပါဗျ။ သေဆုံး ထိခိုက်ဒဏ်ရာရသူတွေက ပိတောက်ကုန်းနဲ့ စည်ပိုင်းရွာကပါဗျ။ ဆွာတိုက်နယ်ဆေးရုံကို အရင်ပို့ပါတယ်။ ပြီးတော့ စိုးရိမ်ရ လူနာတဦးကို နေပြည်တော်ကို ဆက်လွှဲတယ်ပြောတယ်ခင်ဗျ။” 

စစ်ကောင်စီတပ်ဟာ ရေတာရှည်မြို့ဝင်ပေါက်တွေကို ကင်းပုန်းတွေချထားသလို သွားလာနေတဲ့ ပြည်သူတွေကို တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024