ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၅/၂ ရပ်ကွက် သီရိမင်္ဂလာပတ်လမ်းနဲ့ ရွှေလမ်းထောင့်ရှိ ရပ်ကွက်လုံခြုံရေးကင်းအနီးမှာ ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့ မနက် ၆ နာရီက ဗုံးပေါက်ခဲ့ရာ ကင်းစောင့်နေတဲ့ အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်နေသူတဦးက “လုံခြုံရေးကင်းမှာ စောင့်တဲ့သူထိတာ။ ညဘက်ဆို အဲ့လို လုံခြုံရေးကင်းတွေကို ရဲတွေရော စစ်သားတွေ ရောလာတယ်” လို့ ပြောပါတယ်။
"ကင်းတဲဘေးမှာ ပေါက်တာ၊ ကင်းစောင့်နေတဲ့ အုပ်ချုပ်ရေးပိုင်းက ကောင်လေးတယောက် ထိသွားတယ်။ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရဘူး၊ စစ်တပ်က ဆေးရုံကို ပို့လိုက်တယ်။"
ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ရဲတွေက ၅/၂ ရပ်ကွက်ရှိ ဧရာဝတီပတ်လမ်းနဲ့ စက်မှုလမ်းတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၇ နာရီက လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၂ ရပ်ကွက် မန္တလေးလမ်း အမှတ် ၂ အထက်တန်းကျောင်းရှေ့ လမ်းဘေးမှာ ဗုံးပေါက်ကွဲတာကြောင့် ဆွမ်းခံကြွလာတဲ့ ကိုရင်လေးတပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်းစိန်နဲ့လှိုင်သာမြို့နယ်က အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးပေါက်ခဲ့ပြီး မြောက်ဒဂုံမြို့နယ်မှာတော့ ပစ်လွှတ်ဖို့ စီစဥ်ထားတဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးကို တွေ့ရှိခဲ့ပါတယ်။