အားဗ်ဒီးအစ်ဗ်ကာမြို့ကို သိမ်းပိုက်နိုင်ပြီးတဲ့နောက် အဲဒီအောင်မြင်မှုကို အခြေခံပြီး ယူကရိန်းနယ်မြေထဲ ရုရှားတပ်တွေ ရှေ့ဆက်တိုးသွားမှာဖြစ်တယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
လူဦးရေ ၃၂,၀၀၀ ရှိတဲ့ အားဗ်ဒီးအစ်ဗ်ကာမြို့ဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရုရှားလက်အောက် ကျရောက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ မေလတုန်းက ဘက်ခ်မွတ်မြို့ကို ရုရှားတပ်တွေရဲ့ သိမ်းပြီးနောက်ပိုင်း ပူတင်ရဲ့ အကြီးဆုံးအောင်ပွဲ ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ တမြို့လုံး အိမ်တိုင်းနီးပါး ပျက်စီးနေတာ မြင်တွေ့ရပါတယ်။
မြို့ကနေဆုတ်ဖို့ အမိန့်မထုတ်ခင်ကတည်းက ယူကရိန်းတပ်တွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေခဲ့တာ ဖြစ်တယ်လို့လည်း ပူတင်က ပြောပါတယ်။ ဖမ်းမိတဲ့ စစ်သားအားလုံးကို စစ်သုံ့ပန်းဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းတွေနဲ့အညီ ထိန်းသိမ်းထားမယ်လို့လည်း ဆိုပါတယ်။
သမ္မတပူတင်က “အားဗ်ဒီးအစ်ဗ်ကာမြို့က အခြေအနေအရပ်ရပ်ကို ခြုံကြည့်ရင် အလုံးစုံအောင်ပွဲလို့ ပြောလို့ရပါတယ်။ ခင်ဗျားကို ဂုဏ်ပြုပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး တည်ဆောက်သွားရမယ်”လို့ ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူကို ချီးကျူးစကား ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူဗလက ယူကရိန်းသာ အမေရိကန်ကပေးမယ့် အကူအညီရခဲ့ရင် အားဗ်ဒီးအစ်ဗ်ကာမြို့ ကျစရာအကြောင်းမရှိဘူးလို့ စီအင်န်အင်န် သတင်းဌာနကို ပြောပါတယ်။
“ကျနော်တို့ ကာကွယ်ဖို့ လုံလောက်တဲ့ အမြောက်ဆန်အားလုံးသာ ရရင် အားဗ်ဒီးအစ်ဗ်ကာမြို့ ကျမှာမဟုတ်ဘူး။ ရုရှားက ရပ်တန့်မှာမဟုတ်သလို တပ်ပြန်ဆုတ်မှာလည်း မဟုတ်ဘူး။ အားဗ်ဒီးအစ်ဗ်ကာမြို့ကို ထိန်းချုပ်ပြီးရင် နောက်တမြို့ရွေးပြီး ဆက်သိမ်းဖို့ ကြိုးစားမှာပဲ” လို့ ကူဗလက ပြောပါတယ်။
အမေရိကန်က ယူကရိန်းကို ကူညီမယ့် ရန်ပုံငွေတွေ ပါဝင်တဲ့ ဒေါ်လာ ၉၄ ဘီလီယံ တန်ဖိုးရှိတဲ့ ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုပေးထားပေမဲ့ အောက်လွှတ်တော်မှာ မဲခွဲဖို့ကို အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ငြင်းထားတဲ့အတွက် ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။
Source/Photo-Reuters