စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပေမဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ ဒီဥပဒေက သက်ရောက်မှုရှိလာနိုင်မှာ မဟုတ်ဘူးလို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒီဥပဒေအပေါ် ကွဲပြားတဲ့အမြင်တွေရှိနေပေမဲ့ လူငယ်တွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်ကြဖို့ အဖွဲ့အသီးသီးက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ လျော့ပါးလာတဲ့စစ်အင်အားကို ဖြည့်တင်းနိုင်ဖို့အတွက် နဖအ စစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အာဏာတည်တဲ့အကြောင်း အမိန့်ထုတ်ပြန် အသက်သွင်းလိုက်ပါတယ်။ နိုင်ငံအတွင်းစစ်မှုထမ်းနိုင်သူ အမျိုးသား ဦးရေ ၆ သန်းကျော်ရှိတဲ့အထဲကမှ ၆ သောင်းနီးပါးလောက်ကိုပဲ စစ်မှုထမ်းဖို့ ခေါ်ယူသွားမှာလို့ စစ်ကောင်စီပြောခွင့်ရသူက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
အာဏာတည်မြဲရေးအတွက် စစ်သားသစ်ရှာတဲ့ ဒီလုပ်ရပ်ဟာ တိုင်းပြည်ကို စစ်နွံထဲကျအောင်လုပ်တာဖြစ်လို့ ဖြစ်တဲ့နည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က တိုက်တွန်းထားပါတယ်။
KNU ပြောခွင့်ရ ပဒိုစောတောနီးက “အထူးသဖြင့် ကျနော်တို့ ထိန်းချုပ်နိုင်တဲ့ အုပ်ချုပ်ရေးကောင်းကောင်း ချနိုင်တဲ့ နယ်မြေတွေမှာဆိုရင် သူတို့ထုတ်တဲ့ဥပဒေက ဘယ်လိုမှုသက်ရောက်မှု မရှိနိုင်ဘူး။ ဒါပေမဲ့ မြို့ပေါ်မှာ၊ အထူးသဖြင့် ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့ကတော့ အရမ်းသိသာတာပေါ့။ အဲဒီနေရာတွေကတော့ အဲလူတွေက ပြေးစရာမရှိဘူးဖြစ်လာမှာပဲလေ။ ဆိုတော့ အဲတာသက်ရောက်မှုက ဘယ်လောက်အထိ ရှိမယ်တာတော့ သူတို့ဘယ်လိုမှ ရှောင်လို့မရဘူးဆို သူတို့ဆွဲတော့မှာ၊ ဆွဲရင် ကိုယ်က လိုက်သွားရုံပဲလေ။ မလိုက်သွားရင် ဒီဘက်ကိုပြေးလာပါလေ။ ဒီဘက်မပြေးရင်တော့ ဟိုမှာနေရင်တော့ မိမှာပဲ။ အဲတာကိုတော့ သက်ရောက်မှုက အကြီးအကျယ်ရှိတယ်” လို့ ပြောပါတယ်။
ပြည်သူတွေကို ဖမ်းပြီးစစ်သင်တန်းပို့တယ်ဆိုတာ စစ်အင်အားကိုပြန်ပြီးထူထောင်နိုင်အောင် ကြိုးစားတဲ့သဘောဖြစ်ပြီး ငြိမ်းချမ်းရေးကို ဦးတည်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း မှတ်ချက်ပြုပါတယ်။
စစ်တပ်ကသူ့အာဏာ ထိန်းသိမ်းဖို့အတွက်နဲ့ တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေထဲမှာတော့ ဒီဥပဒေကို အကောင်အထည်ဖော်လို့ ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
KOI\KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “သူတို့အုပ်ချုပ်တဲ့ မြို့တွင်းမှာကတော့ သူတို့ အကောင်အထည်ဖော်လို့ရမှာပါ။ ဒါပေမဲ့ ကျနော်တို့အုပ်ချုပ်တဲ့ နေရာပိုင်းမှာကတော့ ဘာမှအကောင်အထည်ဖော်လို့ ရမယ်လို့ ကျနော်မထင်ပါဘူး။ အထူးသဖြင့်ကတော့ ကျနော်တို့ ကချင်ပြည်နယ်ကတော့ မြစ်ကြီးနား၊ ဗန်းမော်ဖြစ်မှာပေါ့။ အဲဘက်မှာလည်း သိပ်ပြီးမှ ထိထိရောက်ရောက် အကောင်အထည်ဖော်လို့ ရမယ်လို့တော့ ကျနော် မထင်ပါဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကရင်နီဒေသမှာနေထိုင်တဲ့ လူငယ်တွေအတွက်တော့ မစိုးရိမ်ကြောင်း ကရင်နီတပ်မတော် (KA) ပြောခွင့်ရ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ကရင်နီကလူငယ်တွေအတွက်တော့ ကျနော် မတွက်ဘူးလေနော်။ ကျနော်စိုးရိမ်တာက နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ ကလေးတွေအတွက်ပဲ။ ဗီဇာတွေ ပြောင်းမလား၊ ပြန်လာဖို့ လမ်းပိတ်မလား အဲတခုပဲ စိုးရိမ်တယ်။ ဒီပြည်နယ်မှာရှိတဲ့ ကျနော်တို့ လူငယ်တွေအတွက်တော့ ပြဿနာသိပ်မရှိဘူး။ အဲလိုပဲမြင်တယ်။”
တော်လှန်ရေးတပ်ဖွဲ့တွေ အုပ်ချုပ်နယ်မြေထဲ ဒီဥပဒေဟာ ထိရောက်မှာမဟုတ်ပေမဲ့ မြစ်ဝကျွန်းပေါ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေး၊ ရန်ကုန် စတဲ့နေရာတွေမှာတော့ သက်ရောက်မှုရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ဒါဟာ စစ်ကောင်စီရဲ့ စစ်ရေးအမှားမျိုးစုံထဲမှာ နောက်ဆုံးအကျဆုံးနဲ့ အဆိုးရွားဆုံး အမှားဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တပြည်လုံးမှာ အကြီးအကျယ်ရိုက်ခတ်ပြီးတော့ ပြည်သူလူထုအတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာမယ်။ အဲဒီဂယက်တွေကလည်း စစ်တပ်ကို ပြန်ပြီးတော့ရိုက်မယ်။ စစ်မတိုက်ချင်တဲ့ စိတ်ဓာတ်တွေ ပြန့်ပွားနေတဲ့ သူ့စစ်တပ်အတွင်းမှာ ပိုပြီးတော့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်စရာ အကြောင်းအချက်တွေ အများကြီးရှိတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်ခင်ဗျ။”
အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ စစ်မှုထမ်းဥပဒေ အသက်သွင်းတဲ့နေ့ကစလို့ နိုင်ငံတဝန်းက လူငယ်တွေ ပေါ်တာဆွဲခံရတဲ့ သတင်းတွေလည်း ဆက်တိုက် ထွက်ပေါ်နေပါတယ်။
စစ်မှုထမ်းရမှာကို ရှောင်လွှဲနိုင်ဖို့အတွက် ပြည်ပထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ပြုလုပ်သူတွေများပြားနေပြီး အခုရက်ပိုင်းမှာတင် လူအုပ်ပိပြီး မန္တလေး မြို့ခံ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကလည်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ သတိပေးထားပါတယ်။
စိုးသူအောင်