ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာဝန်းကျင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် ရွာမကုန်းက နေအိမ်အားလုံးထိခိုက်ပျက်စီးသွားပြီး ရွာသစ်ကုန်းကတော့ နေအိမ် အနည်းငယ်သာကျန်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ရွာသစ်ကုန်းရွာက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့သလို သံတံတားကျေးရွာက နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။ စီခမ်းကြီးကျေးရွာမှာ လူဦးရေ စုစုပေါင်း ၂၁၅၄ ဦး နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင် စာရင်းအရ သိရပါတယ်။
စီခမ်းကြီးကျေးရွာနားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၇ ရက်က စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက် ရရှိခဲ့ပါတယ်။