Home
မြန်မာသတင်း
စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ  အနည်းဆုံး ၁၀ သေဆုံး
DVB
·
February 21, 2024
war 2122024

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအနီး စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲ ဖြစ်စဉ်အတွင်း စီခမ်းကြီးကျေးရွာနဲ့ သံတံတားကျေးရွာက ကလေးငယ်အပါအဝင် ပြည်သူ  ၁၀ ယောက်ကျော် သေဆုံးခဲ့သလို ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

မံစီမြို့နယ်ထဲက KPDF တပ်ဖွဲ့ဝင် တဦးက “ပြည်သူတွေ ထိခိုက်သေဆုံးတာက သံတံတားကော၊ စီခမ်းကြီးရွာကောဆိုရင် အားလုံး ၁၀ ယောက် ကျော် လောက်ရှိမယ်။ သံတံတားရော၊ စီးခမ်းကြီးရွာ နှစ်ရွာပေါင်း၊၊ အဓိကသေဆုံးရတာက လေကြောင်း တိုက်ခိုက်မှုကြောင့်ပဲ။ ဘယ်နေ့တွေမှာ ထိခိုက်သေဆုံးခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူး၊ တချို့ဆိုရင် ယင်ကောင်တွေတောင်  အုံနေတာတွေကောရှိတယ်။ အများစုကတော့ ကတုတ်ကျင်းထဲမှာ သေဆုံးနေတာတွေ တွေ့ရတယ်” လို့ပြောပါတယ်။

အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေထဲမှာ အသက် ၁၀ နှစ် အရွယ်ကလေးငယ်တွေ ပါဝင်သလို ဒဏ်ရာရရှိတဲ့ ပြည်သူကလည်း ၁၀ ယောက်  အထက်ရှိတယ်လို့ သိရပါတယ်။

စီခမ်းကြီးကျေးရွာက ပြည်သူတွေကို တိုက်ပွဲမဖြစ်သေးခင် KIA က တိမ်းရှောင်ဖို့ အကြောင်းကြားထားပေမဲ့ ပြည်သူ တချို့ဟာ နေအိမ်တွေကို စောင့်ကြည့်ဖို့အတွက် မတိမ်းရှောင်ပဲကျန်နေခဲ့လို့ ထိခိုက် သေဆုံးတာဖြစ်နိုင်တယ်လို့ KPDFတပ်ဖွဲ့ဝင်က  ပြောပါတယ်။

တိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တွေ အများအပြား ထိခိုက် ပျက်စီးသွားတယ်လို့လည်း  KPDFတပ်ဖွဲ့ဝင်က ပြောပါတယ်။

“ဟိုဘက် သံတံတားရွာဘက်ကတော့ ထိခိုက်ပျက်စီးမှု နည်းတယ်။ အဓိကများတာက ဒီစီခမ်းကြီးဘက်ပေါ့၊ ရွာသစ်ကုန်းနဲ့ ရွာမကုန်းပေါ့နော်။ ရွာမကုန်းကတော့ လုံးဝပျက်စီးသွားတယ်၊ တအိမ်မှ ရစရာမရှိအောင်ပျက်စီးသွားတယ်၊ ရွာသစ်ကုန်းမှာတော့ မထိပဲကျန်တာတွေရှိတယ်။”

စီခမ်းကြီးစခန်း တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၃၀ လောက် တွေ့ရပြီး ၁၂ ယောက်လောက် အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဘက်ကလည်း အနည်းဆုံး ၈ ဦး  ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စီခမ်းကြီးကျေးရွာနားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၇ ရက်က  စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ  တော်လှန်ရေးတပ်တွေက သိမ်းပိုက် ရရှိခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သလို စခန်းသိမ်းပိုက်ခံရပြီးနောက်မှာလည်း  ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းအထိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းနဲ့ လူနေအဆောက်အဦးအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာအပါအဝင် စီကော်၊ သံတံတား၊ မက်လင်စတဲ့ အနီးအနားက ကျေးရွာတွေက ပြည်သူ ၅၀၀ ကျော်လည်း နီးစပ်ရာ မံစီ၊ ဗန်းမော်စတဲ့ မြို့တွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်ကောင်စီတပ်တွေ အထိုင်ချထားတာ ဖြစ်တဲ့အပြင် မဘိန်းမြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရှမ်းမြောက်ဘက်က ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ လာစုနေတဲ့ တပ်စခန်းကြီးလည်း ဖြစ်တာကြောင့်  အင်အားအများအပြားထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ KPDFတပ်ဖွဲ့ဝင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024