ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာဈေးသည် ၅ ယောက်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာဈေးသည်တွေဟာ မဲဆောက်မြို့ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ ဈေးရောင်းချနေစဉ် မနက် ၁၁ နာရီခွဲမှာ ထိုင်းရဲတပ်ဖွဲ့က အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ စျေးရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
မဲဆောက်ရှိ မြန်မာတဦးက “ယာယီနယ်စပ်ဖြတ်ကျော်ကတ်တွေနဲ့ ဈေးလာရောင်းကြတဲ့သူတွေ အဖမ်းခံလိုက်ရတာပါ။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦးပါ။ အဲဒီနေရာမှာက ခဏခဏ မြန်မာတွေ အဖမ်းခံနေရပေမဲ့ စားဝတ်နေရေးအတွက်ဆိုတော့ ဆက်ရောင်းနေရတာပဲ” လို့ ပြောပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနကတော့ မြန်မာနိုင်ငံသား ၅ ယောက်ထဲက ၄ ယောက်ကို တရားမဝင် ဝင်ရောက်မှုနဲ့ အလုပ်လုပ်ခွင့်ပါမစ် မရှိဘဲ ဈေးရောင်းမှုတို့အတွက် ဖမ်းဆီးခဲ့ပြီး အမျိုးသမီးတဦးကိုတော့ ယာယီနယ်စပ်ဖြတ်ကျော်ကတ် ပါရှိပေမဲ့ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ စျေးရောင်းမှုအတွက် ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅ ယောက်ကို မဲဆောက်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ပုဒ်မ ၂၂ အရ အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မဲဆောက်မြို့ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း မြန်မာမုန့်တွေရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ စျေးရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။