အစ္စရေးစစ်တပ်ဟာ ဖေဖော်ဝါရီ ၂၀ ရက်က အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ တင့်ကားတွေနဲ့ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
အစ္စရေးမြောက်ပိုင်းမှာလည်း လူအသေအပျောက်များတဲ့နေရာကနေ လူတွေကို ရဟတ်ယာဉ်တွေနဲ့ ဘေးကင်းရာ ကယ်ထုတ်ပုံကို အဲဒီနေ့မှာပဲ လေ့ကျင့်ခဲ့ပါတယ်။
ဂိုလန်ကုန်းမြင့်ဟာ ၁၉၆၇ ခုနှစ်အထိ ဆီးရီးယားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပြီး ခြောက်ရက်ကြာစစ်ပွဲမှာ အစ္စရေးက သိမ်းပိုက်ခဲ့တာပါ။
၁၉၈၁ ခုနှစ်မှာတော့ နယ်မြေအများစုကို အစ္စရေးက သိမ်းပိုက်ခဲ့ပါတယ်။ အစ္စရေးရဲ့ တဖက်သတ် သိမ်းပိုက်မှုကို နိုင်ငံတကာက အသိအမှတ်မပြုဘဲ ဆီးရီးယားက သူ့နယ်မြေကို ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
ဂိုလန်ကုန်းမြင့်ဟာ လက်ဘနွန်နိုင်ငံကို အပေါ်စီးကနေမြင်ရပြီး ဂျော်ဒန်နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
လက်ဘနွန်နိုင်ငံအတွင်းက ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးအဖွဲ့တွေကလည်း အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဟားမတ်စ်တွေနဲ့ သွေးစည်းပြီး အစ္စရေးကို တိုက်ခိုက်နေပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က အင်္ဂါနေ့မှာ ထပ်ပြီး ဗီတိုအာဏာသုံးရင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို ပိတ်ဆို့ထားပါတယ်။
အဲဒီအစား ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ဆက်စပ်နေတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကိုသာ တောင်းဆိုဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီကို အမေရိကန်က တွန်းအားပေးခဲ့ပါတယ်။
Source/Photo-Reuters