ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာမှာ ရွှေတူးဖေါ်တဲ့ ကျင်းဟောင်းအတွင်း ကလေးနှစ်ယောက် ရေနစ်လို့ အသက်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရှဒူးဇွပ်ကျေးရွာမှာ ဖေဖေါ်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက အသက် ၅ နှစ်အရွယ်နဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ် နှစ်ယောက် ဆော့ကစားရာမှ ရွှေလုပ်ကွက် ကျင်းဟောင်းအတွင်း ရေနစ် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက "ကလေးတွေက အောင်ရာ ကျေးရွာဘက်ကို သွားဆော့ကျရင်းလမ်းမှာဖြစ်တာ။ ရှဒူးဇွပ်နဲ့ အောင်ရာကြားမှာ ရွှေလုပ်ကွက် ကျင်းဟောင်းတွေထဲ ရေဆင်းချိုးရင်း ပြန်တက်မရပဲ ရေနစ်သေသွားတာ"လို့ ပြောပါတယ်။
အသက် ၅ နှစ်အရွယ် မငွားချာနိူနဲ့ အသက် ၆ နှစ်အရွယ် မနားနာတို့ဟာ ရှဒူးဇွပ်ကျေးရွာနဲ့ အောင်ရာကျေးရွာကြား မိုးကောင်းချောင်းအနီး အမြင့် ဆယ်ပေလောက်ရှိတဲ့ ရွှေလုပ်ကွက် ကျင်းဟောင်းမှာ ရေဆင်းချိုးရင်း ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရှဒူးဇွပ်ကျေးရွာ အနီးမှာ ရွှေတူးဖေါ်နေတဲ့အတွက် မိုးတွင်းကာလတွေမှာ မိုးကောင်းချောင်း ရှဒူးဇွပ်ချောင်းနဲ့ ခေါင်လွန်ယံချောင်းတွေမှာ ရေကြီးရေလျှံပြီး ပတ်ဝန်းကျင် ကျေးရွာတွေမှာ နှစ်စဉ်နီးပါး ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။