ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ နို့တစ်ကြေးမပေးဘဲ အလုပ်သမားတွေ လျော့ချနေကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) က သိရပါတယ်။
“စက်ရုံက ၆ လအောက်နဲ့ ၁ နှစ်အောက် အလုပ်သမားတွေကို ဒီလကုန်ရင် ထုတ်မယ် ပြောပြီးတော့ နှစ်ကြီးသမားတွေကို ယာယီပိတ်တယ်လို့ ပြောတယ်။ စက်ရုံသူဌေးက ပြောင်းပြေးတော့မလား မသိဘူး။”
Sun Apparel (Myanmar) ဟာ JAKO ကုန်အမှတ်တံဆိပ်ကို ချုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံ ဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက်၊ စက်မှုဇုန် ၅၊ အမှတ် ၈၇၊ မလိခလမ်းမှာ တည်ရှိပြီး ထိုင်းနိုင်ငံသား Mr.Thanaset ပိုင်ဆိုင်ကြောင်း သိရပါတယ်။
လက်ရှိ စက်ရုံမှာချုပ်နေတဲ့ အော်ဒါလက်ခံမှုဟာ မတ်လကုန်ခါနီးမှာ ပြီးဆုံးတော့မှာ ဖြစ်တာကြောင့် စက်ရုံထဲရှိ စက်ပစ္စည်းတချို့ ရောင်းချတာ အပါအဝင် ပိတ်လိပ်ပစ္စည်းတွေထားတဲ့ ဂိုဒေါင်ကိုလည်း ပြန်အပ်တာတွေရှိနေကြောင်း စက်ရုံအလုပ်သမားတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
Sun Apparel (Myanmar) အထည်ချုပ်စက်ရုံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီ တက်ပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သလို ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း လုပ်ခလစာ တောင်းဆိုခဲ့တဲ့ အလုပ်သမား ခေါင်းဆောင်တွေကို စစ်ကောင်စီတပ် အကူအညီနဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခိုင်းတာတွေ ရှိခဲ့ကြောင်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အခုတကြိမ်မှာလည်း အလုပ်သမား ၃၀၀ ဝန်းကျင်ကို တာဝန်မဲ့စွာ လုပ်သားလျေှာ့ချတာနဲ့ စက်ရုံပိတ်သိမ်းတာတွေကို ပြုလုပ်နေတဲ့အတွက် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) က ထပ်မံအသိပေး ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။