ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေရှိနေပေမဲ့ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘဲ မြို့ပေါ်ရပ်ကွက်တွေက အိမ်တိုင်းလိုလိုဟာ နေ့ခင်းပိုင်း လူမြင်ကွင်းမှာတင် ပြည်သူပိုင်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးမိတ်မြို့ကို ဇန်နဝါရီ ၁၈ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်ခဲ့ပြီး မြို့ကို သိမ်းနိုင်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၂၅ ရက်လောက်မှာ အကြောင်းအရင်းမသိရဘဲ ပူးပေါင်းတပ်တွေပြန်ဆုတ်သွားတာကြောင့် မိုးမိတ်မြို့ကို စစ်တပ်က ပြန်လည် ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တာ ၁ လဝန်းကျင်အကြာ အခုချိန်မှာတော့ တိုက်ပွဲတွေမရှိတော့လို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ ရက်လောက်ကစလို့ မနက် ၉ ကနေ ညနေ ၄ နာရီအထိ မြို့ အဝင်/ အထွက်ကို ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ နေ့ခင်းဘက်မှာတောင် ပစ္စည်းတွေ ခိုးယူ လုယက် နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိမိပိုင်ပစ္စည်းသွားသယ်တဲ့ မိုးမိတ်မြို့ခံစစ်ရှောင်တဦးက “ ပေါ်တင်ယူနေကြတာပဲဗျ။ သူ့အိမ်၊ ကိုယ့်အိမ်မဟုတ်လည်း ဝင်ပြီးယူနေကြတာပဲ။ ပိုင်ရှင်ရှိတာတောင်မှ ပိုင်ရှင်က ကိုယ့်အိမ်ကို မကျေနပ်ဘဲ မီးရှို့မှာစိုးလို့ တော်တန်ရုံ မပြောရဲကြတာပေါ့ဗျာ။ သဘောက မင်းတို့ယူချင်လည်း နည်းနည်းပါးပါးယူကွာ။ ရရောပေါ့၊ အဲလောက်ဆို ပြန်လိုက်တော့။ ငါတို့လည်း အသုံးအဆောင်လေးတွေ လိုသေးတယ်ကွာ။ ဒီဟာလေးတွေတော့၊ အဲလိုပေါ့။ အဲတာလေး ချန်ထားပါဦး။ အဲလိုပဲပြောယူရတာပေါ့။ တချို့အိမ်ဘေးတွေ ဆိုရင်လည်း အိမ်ရှင် မရောက်လာသေးဘူး။ ကိုယ်အိမ်ဘေးက ပစ္စည်းကို လာသယ်နေတာ တွေ့ရင် ကိုယ်က စောင့်ရှောက်တဲ့အနေနဲ့၊ အဲတာတော့ ငါတို့အိမ်ဘေးက ငါတို့အမျိုးအိမ်ဟေ့။ သူတို့လည်း ရောက်လာပြီ မယူနဲ့ ဘာညာ ပြောနေတဲ့ကြားထဲက ဓားထောင်ပြတာလည်း ရှိတာပဲ အဲလိုပေါ့။ ဓားထောင်ပြတော့ ဘာမှမပြောရဲတော့ဘူး။ အဲလိုမျိုးတွေဗျ။ ပါးစပ်တွေလည်း နှာခေါင်းတွေအုပ်ထားကြတော့ တော်ရုံ ဘယ်သူမှန်းမသိဘူးပေါ့ ”လို့ ပြောပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့တပတ်ကစလို့ စစ်ရှောင်တွေဟာ မြို့ထဲက မိမိပိုင်ပစ္စည်းတွေကို ပြန် သွားယူနေကြပြီး မြင်တွေ့ခဲ့ရသလောက်ဆိုရင် မြို့ရဲ့ ၃ ပုံ ၂ ပုံလောက် ပျက်စီးသွားပြီလို့ ခန့်မှန်းကြပါတယ်။
တိုက်ပွဲတွေမဖြစ်ခင်ကတော့ မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၄ ရပ်ကွက်မှာ လူဦးရေ ၁၀,၀၀၀ ဝန်းကျင် နေထိုင်ကြတာပါ။
တိုက်ပွဲကာလနဲ့ စစ်တပ်ထိန်းချုပ်တဲ့ကာလအတွင်း အရပ်သား အယောက် ၂၀ နဲ့ အထက်သေဆုံးနိုင်ပြီး အမျိုးသမီးတယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း ဒီဗွီဘီက မေးမြန်းခွင့်ရတဲ့ မိုးမိတ်ဒေသခံက ပြောပြပါတယ်။
ဒါ့အပြင် တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားနေရတာကြောင့် မြို့ခံအားလုံးနီးပါး နေရပ်မပြန်နိုင်ကြသေးပါဘူး။
မြို့ခံ စစ်ရှောင်အမျိုးသမီးတဦးက “ပြန်ဖြစ်ဦးမယ်လို့လည်း ကြားတယ်။ အဲလိုပေါ့ ဟိုဘက်က တက်လာပြီလို့လည်း ကြားတယ် ဒေသခံတွေက။ အဲကျတော့ ထိပ်တိုက်က ပြန်တွေ့ဦးမယ်လို့ သူတို့ ထင်ထားကြတာလေ။ ကိုယ့်မြို့ကိုယ်တော့ ပြန်မတက်ရဲကြသေးဘူးပေါ့ဗျာ။ ကိုယ့်မြို့ကိုတော့ ပြန်နေချင်ကြတာပေါ့နော့်။ တခြားနေရာမှာလည်း နေရတာက မြို့နဲ့ဝေးနေလို့ အဆင်မပြေဘူး။ ဒါပေမဲ့လို့လည်း မပြန်ရဲကြဘူး။ သူတို့ရှိနေတာက ပိုကြောက်ဖို့ကောင်းတယ်။ အဲဒီလိုဖြစ်နေတာ”လို့ပြောပါတယ်။
မိုးမိတ်မြို့ပတ်ဝန်းကျင်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေရှိပေမဲ့ အခုမြို့ထဲမှာ နယ်မြေခံတပ်ကမဟုတ်တဲ့ စစ်သားတွေကိုပါတွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်လောက်ကစလို့ မြို့ပေါ်မှာ Mytel ဖုန်းလိုင်းပွင့်လာပေမဲ့ အင်တာနက်တော့ သုံးလို့မရကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လတ်တလော စာရင်းသိသလောက်ကတော့ မိုးမိတ်မြို့နယ်ထဲမှာတင် စစ်ရှောင် ၃၅၀၀ လောက်ရှိနေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအကူညီတွေ လိုအပ်နေပါတယ်။
မန္တလေးမြို့အပြင် တခြားမြို့ရွာတွေကို ထွက်သွားကြသူတွေလည်း ရှိနေတာကြောင့် စစ်ရှောင်ဦးရေအတိအကျကို စာရင်းကောက်လို့ မရသေးပါဘူး။
စိုးသူအောင်